Recipes | ဝက်သား - Pork

ကယား ဝက်အူချောင်း

June 30, 2016

ကယား ဝက်အူချောင်း

Share this on:

Friend အားလုံးမင်္ဂလာပါ ။  ဘယ်နိုင်ငံက အစားအစာတွေ ဘယ်လောက်ကောင်းပါတယ် ပြောပြောကျွန်တော်ကတော့ အမိနိုင်ငံရဲ့ ရိုးရာအစားအစာနဲ့ မလဲနိုင်ပါဘူး ။  ဒီလိုပြောတော့ ကြီးကျယ်တယ် မထင်နဲ့နော် ။  အခုဟာက “ကယားဝက်အူချောင်း” လေးပါ ။  Friend တွေလည်းတိုင်းရင်းသား အစားအစာတွေကို နှစ်သက်မယ်လို့ ထင်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ဝက်သား - ၁ ပိဿာ (အဆီ ၊ အခေါက် တွဲလျှက် နုတ်နုတ်စင်းပါ)
  • ဝက်အူ - ၅၀ ကျပ်သား (ဝက်အူကို ဗီနီကာနဲ့ မိနစ်အနည်းငယ်လောက် စိမ်ထားပါ)
  • ကြက်သွန်ဖြူ - ၁၀ ကျပ်သား (ညက်ညက်လေး ထောင်းပါ)
  • ဂျင်း - ၁၀ကျပ်သား (ညက်ညက်လေး ထောင်းပါ)
  • ဟွာကြောင်စေ့ - ၃ ဇွန်း (ထမင်စားဇွန်း) (ကြိုက်မှ ထည့်ပါ မကြိုက်ရင် မထည့်ပါနဲ့ ၊ သူရဲ့ အရသာကပူလို့ ၊ အနံ့ ကမွှေးပါတယ်)
  • သကြား - ၁ ဇွန်း (ထမင်းစားဇွန်း)
  • အချိုမှုန့် - ၂ ဇွန်း (ထမင်းစားဇွန်း) (အချိုမှုန့် ကြိုက်လျှင် သုံးပါ ၊ မကြိုက်လျှင် မထည့်ပါနှင့် ၊ သကြားပိုထည့်ပါ)
  • ခနောကြက်သားမှုန့် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်ကောင်း - အနည်းငယ်
  • ဆား - အနည်းငယ်
  • ငရုပ်သီး - ၁၀ ကျပ်သား (နုတ်နုတ်စင်းပါ) (အစပ်ကြိုက်မှ ထည့်ပါ)
  • ဆီ - ၁၀ ကျပ်သား

ပြုလုပ်နည်း

  1. ဝက်သားကို နုတ်နုတ်စင်းပါ ။ သွပ်မည့် ဝက်အူကို ရေပြောင်အောင် ဆေးပြီး ဗီနီကာနဲ့ မိနစ်အနည်းငယ်လောက် စိမ်ပြီးရေစစ်ထားပါ ။
  2. နုတ်နုတ်စင်းထားသော ဝက်သားအထဲကို ဂျင်း ၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာကို ထည့်ပါ ။ အရသာမှုန့်တွေပါ ထည့်ပြီးနယ်ပါ ။
  3. အချို ကြိုက်လျှင် သကြား ထည့်ပါ ။ မကြိုက်လျှင် မထည့်ပါနှင့် ။ အစပ်ကြိုက်ရင်လည်း ငရုတ်သီး ပါထည့်ပါ ။ အစာပလာတွေ အကုန်ထည့်ပြီးလျှင် နယ်ပါ ။
  4. သွပ်မယ့် ဝက်အူ ထိပ်ကို (ကတော့) တပ်ပြီး ဝက်သား စင်းထားတာတွေကို ထိုးထည့်ပါ ။ အားလုံးပြီးပြီဆိုရင် နှီး နဲ့ထုံးပြီး ပုံထဲကအတိုင်း ခွေပါ ။
  5. ခွေထားတဲ့ပုံ မပျက်အောင် ဒုတ်နဲ့ကန့်လန်တွေ ထိုးထားပါ ။ ထိုးပြီးသွားလျှင် မီးသွေးဖိုပေါ်မှာကင်ပါ ။ ကင်နေချိန်တွင် ဆီလေး သုတ်ပေးပါ ။ ဂျင်း အနံ့လေး ၊ ဟွာကြောင်စေ့ အနံလေး သင်းကြိုင်လာပါလိမ့်မယ် ။
  6. ဝက်အူတွေ အရောင်ပြောင်းပြီး ပုံထဲကအတိုင်း ဖြစ်လာပြီဆိုရင် ရပါပြီ ။ အဲ့ဒါကို ကြော်စားစား ၊ ချက်စားစား ၊ ရေနွေးကြမ်းနဲ့ပဲ မြည်းမြည်း အရမ်းကောင်းပါတယ် ။
  7. အခွေကို ဆွဲဆန့်ရင် ၆ ပေနီးပါး ရှည်ပါတယ် ။ ဈေးထဲမှာ ရောင်းချနေတဲ့ နီရဲရဲ ဝက်အူချောင်းတွေလို အီစိမ့်စိမ့် လည်းမရှိပါဘူး ။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ် ။
မှတ်ချက် ။ ။ ဝက်အူချောင်း လုပ်နည်း အမျိုးမျိုးရှိပေမယ့် ဒီနည်းလေးကတော့ လူအရမ်းအကြိုက်များပါတယ် ။ စင်ကာပူက ဧည့်သည်တွေ ကြိုက်လွန်းလို့ အထူးသီးသန့် လုပ်ကျွေးဘူးပါတယ် ။

ခင်မင်ခြင်းများစွာဖြင့်

Credit: Tay Za Htet Paing

Review

User Rating

3 (1 Votes)