ကျောက်ဖရုံသီးဟာ လူနဲ့ တည့်စေတဲ့ အသီးတစ်မျိုးဖြစ်ပြီး သူ့ကို မြန်မာတိုင်းရင်းဆေး အဖြစ် စားပါက ပိုပြီး အကျိုးများစေပါတယ်။ ချက်ဆေးဆိုတာကတော့ ပိုပြီးတာရှည်ခံအောင် ဆေးဖက်ဝင် အခြား အမယ်တွေနဲ့ ရောစပ်ပြီး ချက်ထားတဲ့ တိုင်းရင်းဆေး တစ်မျိုးပါ။ အရသာ ရှိပြီး လူတွေကို အကျိုးများစေပါတယ်။

ကျောက်ဖရုံသီး ချက်ဆေးလုပ်ဖို့ အတွက် ကောင်းကောင်းမှည့်နေတဲ့ ကျောက်ဖရုံသီးတစ်လုံး လိုပါတယ်။ ကျောက်ဖရုံသီးကို အခွံတွေ ခွာပြီး အူတိုင်နဲ့ အစေ့တွေကို ဖယ်လိုက်ပါ။ အသားတွေကို အတုံးလေးတွေ တုံးပြီး ၃ပိဿာ ချိန်လိုက်ပါ။ ရေကို သူ့နှစ်ဆထည့်ပါ။ ကျိုပေးပါ။ ရေတစ်ဝက်ခန်းရင် မီးဖိုကနေ ခဏ ချပြီး အအေးခံပါ။ ကျော်ကဖရုံတုံးတွေကို မပြဲသွားအောင် အဝတ်စထဲမှာ ထည့်ပြီး ရေစစ်ပါ။

စစ်ထားတဲ့ ကျောက်ဖရုံသီး အဖတ်တွေကို အနည်းငယ် ပူအောင် အိုးကင်းတိုက်ပြီး လှော်ပေးပါ။ လှော်နေရင်းနဲ့ အဖတ်တွေကို ကြိတ်ချေလိုက်ပါ။ ထောပတ် ၂၇ကျပ်သား ထည့်ပြီး အတုံးတွေကို ကြော်ပေးပါ။

စစ်ထားတဲ့ ကျောက်ဖရုံသီးပြုတ်ရည်ထဲ ကြောထားတဲ့ ကျောက်ဖရုံသီးတွေကို ထည့်ပြီး သကြား ၃ပိဿာနဲ့ ရောစပ်ပါ။ ပြီးရင် ကျိုပေးပါ။ ထပ်ထည့်ရမယ့် ဆေးဖက် အမယ်တွေကတော့ ပိတ်ချင်း၊ ချင်းခြောက်၊ ဇီယာ တို့ကို ၆ကျပ်သားစီ ယူပါ။

နံနံစေ့၊ ကရဝေး၊ သစ်ဂျပိုး၊ ဖလာငယ်စေ့၊ ငရုတ်ကောင်းတို့ကို ၁ကျပ်၈ပဲသားစီ ယူပါ။ အဆိုပါ အမယ်များကို ပရဆေးဆိုင်မှာ ပြောပြီး ဝယ်ယူလို့ ရပါတယ်။ အားလုံးကို အမှုန့်လုပ်ပြီး ကျိုထားတဲ့ အနှစ်တွေကို ရောလိုက်ပါ။ ပျားရည် ၁၂ကျပ်သားကို ထပ်ပြီးရောပေးပါ။

ချိုမွှေးနေတဲ့ ကျောက်ဖရုံသီးချက်ဆေးကို ရပါပြီ။ ဒီဆေးဟာ အဖျားရောဂါ၊ ပျို့အန်ချောင်းဆိုး၊ သွေးအားခြောက်ခန်းတဲ့ရောဂါ၊ အားအင်ကုန်ခန်းတဲ့ရောဂါ၊ ပန်းနာရောဂါတေါ၊ မျက်စိရောဂါအမျိုးမျိုးနဲ့ သွေးအန်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
အဓိကကတော့ ကျောက်ကပ်ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကျောက်ကပ်မကောင်းလို့ ဆီးမသွားနိုင်တဲ့ လူတွေ ပုံမှန်စားပေးသင့်ပါတယ်။

Ref: Hein (ဘူမိ)