ပဲပိစပ်ပဲဟာ မြန်မာမှာတော့ ပဲငါးပိနဲ့ ပုန်းရည်ကြီး လုပ်တဲ့ ပဲတစ်မျိုးပါ။ ပဲပိစပ်မှာတင် မျိုးကွဲပေါင်း ထောင်ချီပြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ နေရာဒေသ အလိုက် အခေါ်အဝေါ် အမျိုးမျိုး ခေါ်ကြပါသေးတယ်။ ပဲပုပ်ပဲ၊ ပဲငါးပိပဲ၊ ပဲပုပ်စေ့ အစရှိသဖြင့် ခေါ်ကြပြီး အများစုစားသုံးကြတဲ့ ပဲလည်း ဖြစ်ပါတယ်။

ပဲပိစပ်မှာ အာဟာရဓာတ် များစွာ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပဲတစ်မျိုးပဲ ဖြစ်ပါတယ်။ ပဲပိစပ်မှာ ပရိုတင်း ကြွယ်ဝပြီး အသားမှာပါဝင်တဲ့ ပရိုတင်းထက် ပိုတယ်လို့တောင် ပြောကြပါတယ်။ ပဲပိစပ်မှာ ပါတဲ့ Lecithin ကြောင့် အယ်ဇိုင်းမားဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မကောင်းတဲ့ အဆီတွေကို စုပ်ယူပြီး ကိုလက်စထရောကိုလည်း ကျစေပါတယ်။ နှလုံးသွေးကြောကျဉ်း ရောဂါကို ကာကွယ်ပေးပြီး ခွန်အားကို တိုးစေပါတယ်။ Antioxidant ဟာ ကင်ဆာဆဲလ်တွေကို မကြီးထွားစေဖို့ တားမြစ်ပေးပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာပါ။

ပဲပိစပ်ကို ကမ္ဘာအနှံ့အပြားမှာ မတူညီတဲ့ ပုံစံမျိုးတွေနဲ့ စားသုံးကြပါတယ်။ ပဲပိစပ်ကနေ ဆီထုတ်ထားတဲ့ ကျန်းမာရေးဆီဟာ လူနဲ့ တည့်တဲ့ ဆီတစ်မျိုးပါ။ မြန်မာနိုင်ငံမှာ အသုံးများတာကတော့ ကြာညှို့၊ ပဲငံပြာရည်၊ ပဲငါးပိ၊ ပဲပုပ်နဲ့ ပုန်းရည်ကြီးတို့ပဲ ဖြစ်ပါတယ်။ ပဲငံပြာရည်ဟာ ငါးငံပြာရည် အစားထိုးပြီး အသုံးပြုနိုင်ပါတယ်။ တရုတ်ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အဓိကထား အသုံးများတဲ့ ကြာညှို့ကိုလည်း ပဲပိစပ်ကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သတ်သတ်လွတ်သမားတွေ အတွက် အဓိက သုံးတဲ့ ငံပြာရည်ကတော့ ပဲငံပြာရည်ပါ။

ပဲငံပြာရည်ကို ပဲပိစပ်၊ ဂျုံမှုန့်၊ ဆားနဲ့ ရေတို့ အဓိက သုံးပြီး ပြုလုပ်ထားတာပါ။ တစ်နှစ်နီးပါး ထားရပြီး ပဲငံပြာရည်လုပ်ရာမှာ ထွက်လာတဲ့ ပဲဖက်တွေကို ပဲပုပ်လုပ်လို့လည်းရပါတယ်။ ရှမ်းပဲပုပ်ကတော့ ပဲတွေကို နူးအောင်ပြုတ်ပြီး အချပ်လေးတွေ ဝိုင်းထားတာပါ။ ငါးပိအစားထိုး အနေနဲ့ ရှမ်းပြည်မှာ စားကြတာဖြစ်ပြီး အနံ့၊ အရသာ ပြည့်စုံတဲ့ အစားအစာ တစ်မျိုးလည်းဖြစ်ပါတယ်။ ဘာဟင်းပဲ ချက်ချက် ပဲပုပ်လေး ပါအောင် ချက်တတ်ကြတဲ့ အတွက် ခွန်အား ဖြစ်စေပြီး ရောဂါတွေကို ကာကွယ်ပေးထားနိုင်ပါတယ်။

Photo credit: varietytesting