ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကျန်းမာခြင်းသည် လာဘ်တစ်ပါး

March 7, 2016

ကျန်းမာခြင်းသည် လာဘ်တစ်ပါး

Share this on:

ကျန်းမာခြင်းသည်လာဘ်တစ်ပါး (ကျန်းမာရေးအတွက်သိထားသင့်တဲ့အချက်လေးတွေ)

  •  ဒို့ မြန်မာတွေရဲ့ ကျန်းမာရေး အသိ
  • ကျန်းမာရေး အမြင်
  •  ကျန်းမာရေး သတိရှိကြဖို့ ပညာပေး လုပ်ဆောင်စရာတွေ အများကြီး ရှိနေပါတယ် ။

အဆိုးဆုံးတွေ အများကြီးရှိနေတဲ့ အထဲက အလှူ ၊ မင်္ဂလာဆောင်နဲ့ ပွဲလမ်းသဘင် ဆွမ်းကျွေးနဲ့ ဧည့်ခံပွဲတွေမှာ အမြဲလိုလို ကြုံတွေ့ရတဲ့ ထမင်းဝိုင်းက အများသောက်သုံးတဲ့ ဟင်းချိုရည်ကလဲ အန္တရာယ်တစ်ခုပါ ။ ဟိုလူသောက်လိုက် ၊ ဒီလူသောက်လိုက် နဲ့ အသဲရောဂါ ဘီပိုးနဲ့အတူ အခြားသော ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်တဲ့ အဓိက နေရာဖြစ်နေပါတယ် ။ စုပေါင်းသောက်သုံးတဲ့ ဟင်းရည် ဖြစ်တဲ့အတွက် ကြာလာတော့ လူတကာရဲ့ သွားရည်ပေါင်းစုံ ၊ ရောဂါပေါင်းစုံ ၊ ဗိုင်းရပ်စ်ပေါင်းစုံလို့ နံမည်ပေးရမယ့် စွတ်ပြုတ်ကြီးကို ဖြစ်နေပေါ့ ။ ဒါကို ဟင်းရည်သောက်ခွက် အသေးလေးတွေနဲ့ တစ်ယောက် တစ်ပန်းကန်စီ ချထားပေးတာမျိုး လုပ်ဆောင်သင့်ပါတယ် ။

နောက် မြန်မာပြည်က ပွဲလမ်းတွေမှာ အများဆုံး ဧည့်ခံလေ့ရှိတဲ့ လက်ဖက်နဲ့ အချိုပွဲတွေလဲ ဒီလိုပါပဲ ။ ရှေ့လူက ပါးစပ်ထဲ ထည့်ထားတဲ့ဇွန်း နဲ့ နောက်လူက မြိန်ရည် လျက်ရည် စားလိုက်နဲ့ ၊ အဲ့ဒီကနေ ကာကွယ်ဆေး မထိုးထားတဲ့ သူတွေ ၊ ဘီပိုးနဲ့ အခြား ရောဂါတွေ ကူးစက်ခံ ကြရတာ အများဆုံးနေမှာပါ ။ ဒါတွေကြောင့် မြန်မာပြည်မှာ အသဲနဲ့ ကင်ဆာရောဂါတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးကြရတဲ့ အသံတိတ် လက်နက်တွေရဲ့ မြစ်ဖျားခံရာလို့ ယူဆပါတယ် ။

ကျနော့် အမြင်တစ်ခု ပြောရရင် သူများ မင်္ဂလာဆောင်သွားရင်း ဗိုင်းရပ်ပိုးတွေနဲ့ ကိုယ်က မင်္ဂလာပြန်ဆောင် လာခဲ့ရသလို ဖြစ်နေတယ် ။

ဒို့ မြန်မာပြည်က လူတွေ အရင်ကထဲက ဒီလိုနေလာတာ ၊ ခုမှ ဇီဇာ လာကြောင်မနေနဲ့ ပိုးသေပြီးသားလို့ လက်ဖက်ရည်ဆိုင် ရောက်ရင် အကြမ်း ပန်းကန်လုံးကို မဆေးဘဲ အမြဲသောက်လေ့ရှိတဲ့ ကျနော့် ဘော်ဒါတစ်ယောက် စောစောစီးစီး အသဲရောဂါနဲ့ ကြွသွား ရှာပါပြီ ။

ကျန်းမာရေး သတိ ဆိုတာ ပိုတယ် မရှိပါ ။ မဖြစ်ခင်က ကြိုတင် ရှောင်ရှားနိုင်ဖို့ သက်ဆိုင်ရာ ကနေ ပညာပေး လုပ်ငန်းတွေကို အလှူ တွေ ၊ မင်္ဂလာဆောင်တွေ အထိ လုပ်ရတော့မလို ဖြစ်နေပါပြီ ။ နောက် တစ်ခုက ကျန်းမာရေးလဲ ပုံမှန် စစ်ဆေးသင့်တယ် ။ ကျန်းမာရေး စစ်ဆေးဖို့ တိုက်တွန်းခဲ့ ဖူးတဲ့ ဦးလေးတစ်ယောက်က “ပိုက်ဆံရှာ ပိုက်ဆံတွေ့မယ် ၊ ရောဂါရှာ ရောဂါတွေ့မယ်”လို့ ပြောခံခဲ့ဖူးပါတယ် ။ ခု သူကိုယ်တိုင် အမြင်မှန်ရပြီး နှစ်စဉ်ကျန်းမာရေး စစ်ဆေးပြီး ကြိုတင် ရှောင်ရန် ဆောင်ရန်တွေနဲ့ ဘဝကို ပျော်ပျော်ကြီး ချီတက်နေပါပြီ ။

ခုလောလောဆယ် မှာတော့ ဒီလို ပွဲလမ်းမျိုးတွေမှာ သတိလေးထားရင်း အသက်နဲ့ ခန္ဒာကိုယ်ပါ ဖျက်ဆီးပစ်မယ့် ရုပ်ဆိုးဆိုး ဗိုင်းရပ်တွေ ရန်ကနေ ကင်းဝေးဖို့ ကျန်းမာရေး အသိအမြင်လေး တစ်ခုကို မျှဝေ ခြင်းဖြစ်ပါတယ် ။ ” ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့ ဆောင်ပုဒ်ဟာ သင် ကျန်းမာရေး သတိနည်းပါးလို့ မရူနိုင် မကယ်နိုင် ခံစားရတဲ့အချိန်မှ သိမှာပါ ။

(Zin. Min. Swe)

Review

User Rating

0 (0 Votes)