ခရမ်းသီးမီးဖုတ် ဆိုရင် သုပ်စားတဲ့ သမရိုးကျ နည်းလေးက သွေဖီပြီး ဒီတစ်ခါက ထောင်းစားပါမယ်။

လိုအပ်သောပစ္စည်းများ

  • ခရမ်းသီးအရှည်သီး – ၂ လုံး
  • ဗမာကြက်သွန်ဖြူ – ၂ ဥ
  • ကြက်သွန်နီအသေး – ၂ လုံး
  • ငရုတ်သီးစိမ်း – ၁၅တောင့်
  • ယိုးဒယားငါးပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်

ပြင်ဆင်ပြုလုပ်နည်း

ခရမ်းသီးများကို ရေဆေးပြီး မီးဖိုပေါ်မှာ မီးအေးအေးနဲ့ ဖုတ်ပါ။ အခွံများ အညိုရောင်ပြောင်းပြီး အနည်းငယ် မည်းသည်အထိ ဖုတ်ကာ မီးဖိုပေါ်မှ ချပြီး အအေးခံထားပါ။
ငါးပိကို မီးကင်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းများကို လှီးဖြတ်ပြီး မီးအေးအေးနဲ့ လှော်ပေးပါ။ အနံများ မွှေးပျံ့လာပြီး အခွံများ နွမ်းခြောက်လာလျှင် ချလို့ရပါပြီ။

လှော်ထားတဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းများကို ငရုတ်ဆုံထဲ ထည့်ပြီး ညက်အောင်ထောင်းပါ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီများ ညက်လျှင် ဆား၊ သကြား၊ ငါးပိ များ ထည့်ကာ အရသာ သမအောင် ဆက်ထောင်းပေးပါ။

မီးဖုတ်ထားတဲ့ ခရမ်းသီးများကို အပေါ်ယံ အခွံများ ခွါပြီး ကြက်သွန်ဖြူနီ အရောထောင်းနှင့် အတူ ငရုတ်ဆုံထဲမှာ ဖိဖိပြီး ထောင်းပေးပါ။ ခရမ်းသီးထောင်းကို ယိုးဒယား ငံပြာရည် အနည်းငယ် ဖြည့်စွက်ကာ သမအောင် မွှေပေးကာ ပန်းကန်ထဲ ပြောင်းထည့်ပြီး စားလို့ ရပါပြီ။

ခရမ်းသီးထောင်းလေးက လုပ်ရတာ လွယ်ကူပြီး အရသာလည်း ရှိပါတယ်။ သူ့ကို ခပ်စပ်စပ်လေး ထောင်းမှ ပိုစား ကောင်းပါတယ်။ ခရမ်းသီးထောင်းလေးကို ထမင်းပူပူ ငါးရံ့ခြောက်ဖုတ်၊ ဘူးသီး ချဉ်ရည်ဟင်း တို့နဲ့ တွဲဖက် စားသုံးပါက အင်မတန် ထမင်းမြိန်စေပါတယ်။

Credit: Warr Tee