မိုးရာသီဟာ အသီးအနှံ ပေါလှတဲ့ ရာသီပါ။ ရာသီစာ အသီးအနှံတွေ အများအပြား ထွက်တဲ့ မိုးရာသီဟာ အသီးအနှံ ကြိုက်သူတွေ အဖို့တော့ ချစ်စရာပါပဲ။
အခု နောက်ထပ် ရာသီစာ တစ်မျိုးကတော့ ခံတွင်း မြိန်စေမယ့် ဂွေးသီးပါ။ ဂွေးသီးမှာ ဂွေးချိုသီးနဲ့ ဂွေးချဉ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဂွေးချိုသီးကတော့ အချဉ်ပေါင်းတွေ လုပ်စားတဲ့ အသီးဖြစ်ပြီး ဂွေးချဉ်သီးကတော့ ဟင်းချက်စားလေ့ ရှိတဲ့ အသီးပါ။

ဂွေးချဉ်သီးကို ဒီရာသီမှာ ငပိချက် ချက်စားရင် အင်မတန် စားကောင်းစေမယ့် ဟင်းတစ်ခွက် ရပါလိမ့်မယ်။ တို့စရာ အဖြစ်လည်း စားကြသလို ဆားရည်စိမ်ပြီး အချဉ်လည်း တည်စားကြပါတယ်။ ဂွေးချိုသီးကတော့ ဆားနဲ့ တို့စားရင်ပဲ စားကောင်းတဲ့ သရေစာ အသီးတစ်မျိုးပါ။ အပေါ် အခွံကို နွှာပြီး ဓါးနဲ့ အစိပ်လေးတွေ စိပ်ပြီး တို့စားကြပါတယ်။

ဂွေးသီးဟာ ဈေးသက်သာတာမို့ အကျိုးမများဘူးလို့ တွေးရင် မှားပါလိမ့်မယ်။ ရာသီစာ ဂွေးသီးမှာ ကျန်းမာရေးအတွက် ကောင်းစေမယ့် အချက်တွေ ရှိပါသေးတယ်။ ဂွေးသီးမှာ ဗီတာမင် စီ ပါဝင်မှု များပြားပါတယ်။
ဗီတာမင်စီဟာ  ကိုယ်ခံစွမ်းအားကို အကောင်းဆုံး မြင့်တင်ပေးနိုင်သလို အရေးကြီးတဲ့ Antioxidants တစ်မျိုးဖြစ်တာကြောင့် နှလုံးနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။ ဂွေးသီးမှာ သံဓာတ် ပါဝင်ပြီး သွေးအားနည်းခြင်းကို သက်သာစေနိုင်ပါတယ်။ လူတွေရဲ့ တစ်နေ့တာ လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၈% ထိ ဂွေးသီးက ပေးနိုင်စွမ်း ရှိပါတယ်။

3a0089324d0366e7c09b63d4b43a70cb

ဂွေးသီးဟာ အစာချေဖျက်မှု စနစ်ကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်တာကြောင့် အူမကြီးရဲ့ လုပ်ငန်းစဉ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပြီး အမျှင်ဓာတ်တွေက ဆီးချိုသွေးချို ရောဂါတွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ဂွေးသီးကို ကိုယ်အလေးချိန် ထိန်းလိုသူတွေ ဖျော်ရည် အနေနဲ့ သောက်ပေးနိုင်ပါသေးတယ်။
ဆာလောင်မှုကို ထိန်းပေးထားပြီး အစာစားချင်စိတ်ကိုပါ လျော့ကျစေနိုင်ပါတယ်။ ဂွေးသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပေမယ့် ကယ်လ်ဆီယမ် ပါဝင်မှုကတော့ များပါတယ်။

ဂွေးသီးကို ငပိချက် ချက်စားတဲ့ အခါ ထမင်းကို မြိန်စေပြီး နာလန်ထ လူမမာတွေ တောင့်တတဲ့ ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂွေးသီးကို ထောင်းလည်း စားကြပါသေးတယ်။

Credit: vegetafruit.com