ငရုပ်ကောင်းအမျိုးအစားများ

Black Pepper (ဘလတ်ခ်ပက်ပါ)
White Pepper (ဝှိုက်ပက်ပါ)
Green Pepper (အစိမ်းရောင်)
Pink Pepper (or) Red Pepper ဆိုပြီး (၄) မျိုးရှိပါတယ်။

ငရုပ်ကောင်းအမျိုးအစား (၄) မျိုးစလုံးကို ငရုပ်ကောင်းပင်တစ်ပင်တည်းမှ ထုတ်လုပ်နိုင်ပါသည်။

1. Black Pepper (ဘလတ်ခ်ပက်ပါ) ပြုလုပ်ပုံ
အသီးရင့်ပြီး မမှည့်မီ အစိမ်းရောင်ဘဝတွင် ခူးယူရပါမည်။ ထို့နောက် ရေနွေးတွင် ခေတ္တပြုတ်ပြီး နေပူထဲတွင် လှန်းရပါမည်။ ထိုသို့လှန်းလိုက်လျှင် အင်ဇိုင်းများကြောင့် အစိမ်းရောင် အခွံဘဝမှ အမဲရောင် အခွံဘဝသို့ပြောင်းသွားပါသည်။ ပြုတ်ထားသည့်အတွက် အခွံအတွင်းရေများဝင်နေပြီး နေလှန်းလိုက်သည့်အခါ ရေခြောက်သွားသောကြောင့် အခွံတွန့်ခေါက်နေသည်ကိုတွေ့ရပါသည်။ ယင်းအသီးကို black Pepper (ဘလတ်ခ်ပက်ပါ) ဟုခေါ်ပါသည်။

2. White Pepper (ဝှိုက်ပက်ပါ)
အသီးရင့်မှည့်မှသာ ခူးဆွတ်ရပါမည်။ ထို့နောက် ပဲကြီးစေ့နူးစေရန် ပြုလုပ်သကဲ့သို့ တစ်ပတ်ခန့် ရေစိမ်ထားပေးရပါမည်။ အခွံများရေနူးပြီး ပျော့လာချိန်တွင် အခွံ အလွယ်တကူချွတ်ပြီး နေလှန်းရပါမည်။ ထိုအခါ ပြင်ပခွံမပါသည့် လုံးချောပုံသဏ္ဍာန်ရှိသော အဖြူရောင်ငရုပ်ကောင်းစေ့ White Pepper (ဝှိုက်ပက်ပါ) ကိုရပါသည်။

3. Green Pepper (အစိမ်းရောင် ငရုပ်ကောင်း)
အစိမ်းရောင်ငရုပ်ကောင်းစေ့ကိုလိုချင်လျှင် အသီးမမှည့်မီ ခူးဆွတ်ပြီး နေမပြဘဲ အအေးခံအခြောက်လှန်းခြင်း (Freeze-drying) သို့မဟုတ် ဆာဖာဒိုင်အောက်ဆိုဒ် (Sulphurdioxide) နှင့် အခြောက်ခံရပါသည်။ ထို့ကြောင့် မူလအရောင် မကျွတ်ဘဲ အစိမ်းရောင်အတိုင်း ရှိနေခြင်းဖြစ်ပြီး ဈေးပိုကြီးပါသည်။ အရသာမှာ အမဲရောင် ငရုပ်ကောင်းအတိုင်းဖြစ်သည်။

4. Pink Pepper (or) Red Pepper
အရှားပါးဆုံးမှာ ပန်းရောင် Pink Pepper (သို့မဟုတ်) အနီရောင် Red Pepper ဖြစ်သည်။ ရင့်မှည့်ပြီး အနီရောင် ငရုပ်ကောင်းသီးများကို မူလအရောင်မပျက်စီးစေရန် ရှာလကာရည် (Vinegar) နှင့်စိမ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယင်းငရုပ်ကောင်းမှာ ဈေးကြီးပြီး အထူးဧည့်ခံပွဲများတွင် အသုံးပြုလေ့ရှိပါသည်။

ထိုငရုပ်ကောင်းအားလုံးကို ငရုပ်ကောင်းပင်တစ်ပင်တည်းမှ ရရှိခြင်းဖြစ်ပါသည်။

Credit: မူရင်း – ဒေါက်တာခင်မောင်လွင် (FAME)