ငါးခူကို ဆီပြန်ဟင်းလေးစားချင်သူတွေအတွက် ငရုပ်သီးစိမ်းလေးအုပ်ပြီးချက်ရတဲ့ ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခူ အကောင်ကြီး – ၁ ကောင်
  • ခရမ်းချဉ်သီး – ၆ လုံး (ထူထူ လှီးထားပါ)
  • ကြက်သွန်နီ ဥကြီး – ၁ ဥ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ဥသေး – ၁ ဥ (ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ထောင်းထားပါ)
  • ငရုတ်ခြောက်တောင့် – ၈ တောင့် (ထောင်းထားပါ)
  • နနွင်းမှုန့် – အနည်းငယ်
  • ဆီ – ၅ ဇွန်း (ထမင်းစားဇွန်း)
  • ဆား – အနည်းငယ်
  • မဆလာ – အနည်းငယ်
  • ငရုတ်သီးစိမ်း – ၅ တောင့်
  • အချိုမှုန့် – အနည်းငယ်

ပြုလုပ်နည်း

  1. ငါးခူ အကောင်ကြီး ကို သန့်စင် ဆေးကြောထားပါ။ ပြီးလျင် ကွင်းထားသည့် ငါးများကို ဆား နှင့် အချိုမှုန့် နယ်ပြီး အပေါ်ရေ တထပ်တင်း သွားအောင်ကြော်ပြီး ဆယ်ထားပါ။
  2. အိုးထဲတွင် ကြော်ထားသည့် ဆီ ၅ ဇွန်းကို ထည့်၍ ရောထောင်းထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ ဂျင်း ၊ ငရုတ်ခြောက်တောင့် ၊ နနွင်းမှုန့် တို့ကို ဆီသတ်ပါ။
  3. ကြက်သွန်အရောင် ပြောင်း၍ အနံ့မွှေး လာလျင် ခရမ်းချဉ်သီးကို ထည့်၍ ဆီသတ်ပါ။ ခရမ်းချဉ်သီးများ လိပ်လာလျင် ရေနွေး တခွက် ကျော်ကျော် ထည့်ပြီး အနှစ်များရရန် မီးအေးအေး နှင့် အဖုံး အုပ်၍ တည်ထားပါ။
  4. အနှစ်များ သေသေချာချာ ကြေသွားလျင် ငါးကြော်များကို ထည့်၍ အနှစ်များနှင့် ရောစပ် သမသွားအောင် အိုးကို သာသာလှုပ် ၊ အနှစ်များကို ဇွန်းဖြင့် အပေါ်ဘက်မှ တင်ပေးပါ။
  5. ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ ငရုတ်သီးစိမ်း ၊ မဆာလာ အနည်းငယ် ဖြူး၍ သုံးဆောင်နိုင်ပါပြီ။ ခရမ်းချဉ်သီး အနှစ်များများလေးနှင့် အင်မတန် ကောင်းသည့် ငါးဟင်းတခွက် ရပါပြီ။

MyFood Myanmar