ငပိချက် | ငပိကောင် - Salted Fish

ငါးဆားနယ် ငပိချက်

June 28, 2016

ငါးဆားနယ် ငပိချက်

Share this on:

ဒီဟင်းလေးကို ချက်ပြီး စားတိုင်း မာမာ့အမေကို မာမာ အရမ်း သတိရမိပါတယ် ။  အမေ သိပ်ကြိုက်ပြီး သက်ရှိ ထင်ရှား ရှိနေတုန်းက မကြာမကြာ ချက်စားတတ်တဲ့ ဟင်းလေးပါ ။  မာမာ့အမေကတော့ ငါးရံ့  ၊ ငါးခူ ၊ ငါးကြင်း ၊ ငါးမြစ်ချင်း တို့နဲ့ ချက်စားတတ်ပါတယ် ။  မာမာကတော့ အရိုးများ လွန်းတဲ့ ငါးသလောက်ကို ရသလောက် အသားလွှာပြီး ချက်ထားပါတယ် ။

ငါးဆားနယ် ငပိချက်1

ပါဝင်ပစ္စည်းများ

  • လက်နှစ်လုံးလောက် အရွယ်တုံးထားသော ငါးအသားလွှာ - ၁၅ တုံး
  • ငါးငပိရည်ကျို လက်ဖက်ရည် အကြမ်းပန်းကန် -  ၁ လုံး
  • ငရုတ်သီး အကြမ်းမှုန့် -  ၂ ဇွန်   (ထမင်းစားဇွန်း)
  • ငါးငံပြာရည် -  ၂ ဇွန်း  (ထမင်းစားဇွန်း)
  • ဆီ -  ၄ ဇွန်း   (ထမင်းစားဇွန်း)
  • ခရမ်းချဉ်သီး ခပ်ကြီးကြီး   - ၂ လုံး  (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ အမွှာကြီးကြီး   -  ၃ မွှာ  (လေးစိပ် စိပ်ထားပါ)
  • ကြက်သွန်ဖြူ - ၃ မွှာ  (နုတ်နုတ်စင်းထားပါ)
  • ကြက်သွန်နီ အနေတော်  -  ၁ လုံး  (ခပ်ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် -  ၄ ပုံ ၁ ပုံ  (လက်ဖက်ရည်ဇွန်း)
  • အရသာမှုန့် -  တ၀က်သာသာ  (လက်ဖက်ရည်ဇွန်း)

ပြုလုပ်နည်း

  1. ဆီကို ပူအောင်တည်ပြီး နနွင်းမှုန့် ထည့်ကာ နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ ၊ ပါးပါးလှီး ထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ ။
  2. ကြက်သွန်များ နွမ်းသည်နှင့် ငရုတ်သီးမှုန့်ကို မွှေးလာအောင် ကြော်လိုက်ပါ ။
  3. ငရုတ်သီးမွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်ချက်ပေးပါ ။
  4. ခရမ်းချဉ်သီး ကျေသွားလျှင် ငါးကိုထည့်မွှေကာ ငါးအသား မာကြောလာအောင် အိုးကို မကြာ မကြာ လှုပ်ပေးပြီး ၃ မိနစ်လောက် ချက်ပေးပါ ။
  5. ငါးအသား မာကြောလာမှ ငံပြာရည် ၊ ငါးငပိရည် ၊ အရသာမှုန့် နှင့် ရေ လက်ဖက်ရည် အကြမ်းပန်းကန်လုံး ၂ လုံးလောက် ထည့်ပြီး အိုးအဖုံး အုပ်ကာ တည်ပေးပါ ။
  6. ရေဆူလာပြီး ရေကျန် ဆီပြန် ဖြစ်လာချိန်မှာ ငရုတ်သီးတောင့် နှင့် ကြက်သွန်ဖြူ ကိုထည့်မွှေပြီး ၂ မိနစ်လောက် ပွက်ပွက်ဆူအောင် ထားပြီး အရသာ အပေါ့အငံ မြည်းကာ စားသုံးနိုင်ပါပြီ ။
Credit: Mar Mar  Lwin

Review

User Rating

3.8 (4 Votes)