မင်္ဂလာပါ။ ငါးပြေမက အရိုးများတယ်ဆိုပေမယ့် အရသာရှိတော့လည်း စားမြဲစားဆဲပါပဲ။ ဒီလိုမျိုး အရသာရှိတဲ့ ငါးပြေမကို စောင်းလျားသီးလေးနဲ့ရောပြီး ချဉ်စပ်ဆီပြန်ချက်စားတာက ပုံစံအသစ်လေးဖြစ်ပြီး အကြိုက်တွေ့မှာ အသေချာပါ။

ပါဝင်ပစ္စည်းများ

  • ငါးပြေမ ၃၀ကျပ်သား
  • စောင်းလျားသီးမှည့် ၁လုံး
  • ကြက်သွန်နီ ၁လုံး
  • ကြက်သွန်ဖြူ ၅တက်
  • ငရုတ်သီးခြောက် ၇တောင့်ခန့်
  • ခရမ်းချဉ်သီးမှည့် ၃လုံး
  • နံနံပင် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးပြေမကို ကြေးခွံထိုးပါ ။ ပါးဟပ် ၊ ဆူးတောင်လေးများနှင့် အမြီးကိုဖြတ်ပါ ။ ဆူးတောင်လေးတွေကိုင်တဲ့အခါ သတိထားပါ ။ ငါးပြေမဆူးတောင်ဆူးမိရင် အဆိပ်တက်ပြီး အနာရင်းစေတတ်ပါတယ် ။ ရေဆေးသန့်စင်ပြီး နှစ်ပိုင်းပိုင်းကာ အရသာအနည်းငယ် နယ်ထားပါ ။
  2. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့် ငရုတ်ခြောက်တောင့်တို့ကို ညှက်အောင်ထောင်းပါ ။ ခရမ်းချဉ်သီးနှင့် နံနံပင်ကိုပါးပါးလှီးပါ ။ စောင်းလျားသီးကို မထူမပါး အကွင်းလိုက်လှီးပါ။
  3. ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားတဲ့အရောကို နနွင်းမှုန့် ၊ အရောင်တင်မှုန့်အနည်းငယ် တို့ဖြင့် ဆီသတ်ပါ ။ မွှေးပြီးနွမ်းလာလျှင် ခရမ်းချဉ်သီးတွေထည့်ပါ ။
  4. ဆား ၊ ငါးငံပြာရည် ၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာဖြည့်စွက်ပြီး ခေတ္တအဖုံးအုပ်ထားပါ ။ ခရမ်းချဉ်သီးအနှစ်ကျပြီဆိုလျှင် စောင်းဝါးသီးတွေ ထည့်ပါ။
  5. (၃)မိနစ်ခန့်မွှေချက်ပြီး အချဉ်ဓာတ်စိမ့်ထွက်လာချိန်ရောက်မှ အရသာနယ်ထားတဲ့ ငါးပြေမတွေ ထည့်ပါ ။ ငါးအသားနှုးပြီး ရေခမ်း ၊ ဆီပြန်လာလျှင် နံနံပင်လေးအုပ်ပေးပါ ။

မှတ်ချက် ။ နှစ်သက်ပါက ကြက်သွန်အရောဆီသတ်ချိန်မှာ မဆလာလေးအနည်းငယ် ထည့်နိူင်ပါတယ်။

Credit : ဟင်းချက်နည်းများ