ငါးကြပ်ကင် ချဉ်စပ် ဟင်းရည်

Share this on:

ထိုင်းဘာသာစကားအရ တုမ့်ခရုမ်းလို့ အဓိပ္ပါယ်ရပြီး တုမ့်ယမ်းအုပ်စုမှာ ပါဝင်ပေမယ့် ဖတ်ကဖောင်ခေါ်တဲ့ ယိုးဒယားပင်စိမ်းရွက် ၊ ငရုတ်ခြောက်တောင့်ကြော် ၊ မန်ကျည်းမှည့်ရည် စသည်တို့ကြောင့် အရသာကို ပိုမိုမွှေးပျံ့ထူးခြားစေပါတယ် ။ ထိုင်းနိုင်ငံမြောက်ပိုင်း တောင်ပေါ်သားတွေ စားလေ့ရှိတဲ့ ချဉ်စပ်ဟင်းရည်ကြည် ပုံစံလည်းဖြစ်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ငါးကြပ်ကင် - ၂ ကောင်
  • အရိုးပြုတ်ရည်ကြည် - ၁ လီတာခွဲခန့်
  • ကြက်သွန်နီ - ၂ လုံး
  • ကြက်သွန်ဖြူ - အနည်းငယ်
  • ခရမ်းချဉ်သီး - ၂ လုံး
  • စပါးလင် - ၃ ချောင်း
  • ပဒဲကော - ၁ တက်
  • ရှမ်းနံနံ - ၅ ပင်ခန့်
  • ဖတ်ကဖောင်ရွက်ခြွေပြီး - လက်တစ်ဆုပ်ခန့်
  • ငရုတ်ခြောက်တောင့်ကြော် - ၇ တောင့်
  • ငရုတ်သီးစိမ်း - ၃ တောင့်
  • ငါးငံပြာရည်
  • သကြား
  • ဟင်းခတ်မှုန့်
  • မန်ကျည်းမှည့်ရည်
  • ထိုင်းပင်စိမ်းရွက်

ပြင်ဆင်ပြုလုပ်နည်း

  1. မိမိနှစ်သက်သော ငါး (ငါးကြင်း ၊ ငါးခူ ၊ ငါးရံ့) အနေတော်နှစ်ကောင်ကို ရေဆေးသန့်စင်ပြီး အရသာအနည်းငယ် နယ်ပြီး (၁၅) မိနစ်ခန့် နှပ်ထားပါ ။ ထိုစဉ်အတွင်း အရိုးပြုတ်ဟင်းရည်ကြည် ရရန် အရိုးပြုတ်ထားပါ ။
  2. အရသာနယ်ထားတဲ့ ငါးကို မီးအေးအေးမှာ ခပ်မြှင့်မြှင့်တင်ပြီး ကြပ်တိုက်ခြောက်ပုံစံ ရအောင်ကင်ယူပါ ။ အအေးခံပြီး အသားနွှင်ထားပါ ။
  3. ကြက်သွန်နီ၊ဖြူကို လေးစိတ်ခွဲလှီးပြီး ၊ ပဒဲကော ၊ စပါးလင် ၊ ရှမ်းနံနံတို့ကို ပါးပါးလှီးပါ ။ ငရုတ်ခြောက်တောင့်ကို မွှေးအောင်ကြော်ယူပါ ။
  4. ချက်ပြုတ်မယ့် အိုးထဲကို ဟင်းရည်ကြည်ကို အပူပေးပါ ။ ပါးပါးလှီးထားတဲ့ စပါးလင် ၊ ပဒဲကောနှင့် ဓားပြားရိုက်ထားတဲ့ ငရုတ်သီးစိမ်း ၊ လေးစိတ်ခွဲလှီးထားသောကြက်သွန်နီ ၊ ခရမ်းချဉ်သီးတွေ ထည့်ပါ ။
  5. ငါးငံပြာရည် ၊ သကြား ၊ ဟင်းခတ်မှုန့် ၊ မန်ကျည်းမှည့်ရည်တို့ဖြင့် အရသာသွင်းပါ ။ ငရုတ်ခြောက်တောင့်ကြော် ၄တောင့်ခန့်ကို ဖဲ့ခြွေပြီး ထည့်ပါ ။
  6. မိမိနှစ်သက်တဲ့ ချို ၊ ချဉ် ၊ ငံ ၊ စပ်အရသာကို ချိန်ညှိယူပြီးပြီဆိုတာနဲ့ အသားနွှင်ထားတဲ့ ငါးကြပ်ကင်နှင့် ထိုင်းပင်စိမ်းရွက် တစ်ဝက်ခန့်ကို ထည့်ပေးပါ ။ မီးရှိန်အေးအေးမှာ (၁၀) မိနစ်ခန့် ဟင်းရည်ကျအောင် တည်ထားပေးပါ ။
စားသုံးတော့မယ်ဆိုရင် လက်ကျန်ဖတ်ကဖောင်ပင်စိမ်းနှင့် ငရုတ်ခြောက်တောင့်ကြော်တို့နှင့် အလှဆင်ပါ။

Photo Credit: Daw Nway (မြဝတီ) အောင်ဇဗ္ဗူလင်းအပန်းဖြေဥယျာဉ်။

Review

User Rating

3.8 (8 Votes)