ငံပြာရည်ကြော်၊ ငံပြာရည်ချက် အမျိုးမျိုး ခေါ်ကြပါတယ်။ ချက်နည်းလည်း သိပ်မကွာလောက်ဘူးထင်ပါတယ်။ ငံပြာရည်ချက် နဲ့ ပဲနီလေးဟင်းချို ၊ ဘူးသီးဟင်းချိုလေး ပါရင်တော့ တခြား ဟင်းမလိုဘဲ ထမင်းမြိန်မှာပါ။

ဒီချက်နည်းလေးကတော့ ဆိုဖီယာတို့ မိသားစု ချက်နည်းလေးပါ။စားဖူးသူတိုင်း ထပ်ချက် ခိုင်းတတ်တာမို့ ဒီချက်နည်းလေး မျှဝေပေး လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ – ၂၀၀ ဂရမ်

ကြက်သွန်ဖြူ – ၁၀၀ဂရမ်

ပုဇွန်ခြောက်မှုန့် – ၅၀ ဂရမ်

ငရုပ်သီးအကြမ်းမှုန့် – ၄ဇွန်း စားပွဲတင်ဇွန်း

ငံပြာရည် – ၅၀ ဂရမ်

ဟင်းခပ်မှုန့် – တစ်ဇွန်း

ဆီ – ၂၅၀ ml

ပြုလုပ်နည်း

ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို သီးသန့်စီ သေးသေးစိတ် ထားပါ။ အိုးထဲသို့ ဆီထည့်ပြီး ကြက်သွန်နီကို ကြော်ပါ။ အတော် ခြာက်လာပါက ကြက်သွန်ဖြူ ရောကာ ရွှေဝါရောင် ရခါနီးထိ ကြော်ပါ။ (ကြက်သွန်သေးသေးစိတ်ကို အရောင်ရလာသည်ထိ ကြော်ဖို့ ဆီများများ ထည့်ဖို့ လိုပါတယ်။ကြော်ပြီး ငရုပ်သီး ချခါနီးတွင် ဆီကို စစ်ယူထားလို့၇ပါတယ်။)

အရောင်ရပါက ဆီကို အိုးစောင်းပြီး စစ်ထုတ်ကာ ငရုပ်သီး အကြမ်းမှုန့် နှင့် ပုဇွန်ခြောက်မှုန့် ထည့်ကြော်ပါ။ အနှံ့မွေးလာပါက ငံပြာရည်ထည့်ပါ။ ဟင်းခပ်မှုန့်ထည့်ပါ။

ရေကို အနည်းငယ်ဆီထည့်ပြီး ကြက်သွန်များအိကာ ဆီပြန်လာသည်ထိ ချက်ပေးပြီး အရသာ အပေါ့အငံ မြည်းကာ နှစ်သက်ရာ အသီးနှံ တို့စရာတို့ဖြင့် တွဲဖက်ကာ ထမင်းမြိန်မြိန် သုံးဆောင် နိုင်ပါပြီ။

Credit: Sofia Food Paradise