ဆန်တို့ဟူး

Share this on:

ဒီတစ်ပတ် အားလပ်ရက်မှာ လုပ်စားဖို့ ကျွန်မတို့ ကချင်ပြည်နယ်မှာ စားတတ်ကြတဲ့ ဆန်တိုဖူးလုပ်နည်းလေးကို မျှဝေချင်ပါတယ်ရှင်။   ဆန်နဲ့လုပ်ထားတဲ့ တိုဖူးဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လူတွေ နှစ်သက်စွာ စားသုံးကြတဲ့ အစားအစာဖြစ်ပေမဲ့ အခြား ပြည်နယ်တွေမှာ မတွေ့ရ သလောက်ပါဘဲ ။  ဆန်တိုဖူးကို ကချင်ပြည်နယ်က လူတွေတော့ သိပြီးသား ဖြစ်မှာပါနော်။  ပြီးခဲ့တဲ့ တစ်ပတ်က လုပ်စားဖြစ်တဲ့ အတွက် အဲဒီ ဆန်တိုဖူး လုပ်နည်းကို အားလုံးလည်း သိအောင် ပြောပြချင်ပါတယ်။  ဆန်တိုဖူး လုပ်နည်းဟာ မုန့်လက်ဆောင်း လုပ်နည်းနဲ့ အတူတူဘဲ ဖြစ်တာမို့ မုန့်လက်ဆောင်း လုပ်စား စဉ်က လုပ်နည်းကို ပြန်ကူးယူပြီး ဖော်ပြမယ်နော်။

ဆန်တိုဖူး လုပ်ဖို့ အတွက် အရေးအကြီးဆုံး အချက်က လုပ်မဲ့ဆန်ဟာ ဆန်မာ ဖြစ်ဖို့ လိုပါတယ်။  ဆန်ပျော့ ဖြစ်ရင် ဘယ်လိုနည်းနဲ့မှ ဆန်တိုဖူး လုပ်လို့ မရပါဘူး ။   မနော်ဟရီလို ဆန်အမာစား မျိုးမှ လုပ်လို့ရတယ်လို့ သိရပါတယ် ။  မြန်မာပြည် မှာ ရှိရင်တော့ ဆန်ကို အမှုန့်ကြိတ်စက်ကို ပို့ ပြီး ကြိတ်ခိုင်းလို့ ရပေမဲ့ ပြည်ပက လူတွေ အတွက်တော့ အမှုန့်ကြိတ်ဖို့ ခက်မယ် ထင်ပါတယ် ။   ဒီအတွက် မိမိအိမ်မှာရှိတဲ့ Blender လေးနဲ့ဘဲ အဆင်ပြေအောင် လုပ်နိုင်ပါတယ်။  အဓိက က ဆန်မာ ရနိုင်အောင် ရှာရမှာဖြစ်ပါတယ်။

Screen Shot 2016-06-04 at 10.03.38 am

Screen Shot 2016-06-04 at 10.03.23 am

ဆန်တိုဖူးသုတ် ပါဝင်ပစ္စည်းများ

  •  ကြက်သွန်ဖြူ ဆီချက်
  • ငရုပ်သီးမှုန့်ကြော်
  • ဆီတိုဖူး (ဆီသတ်ပြီး အရည်လေးနဲ့ ချက်ပါ)
  • ကြက်သွန်ဖြူ - နံနံပင် ရေဖျော် ( ကြက်သွန်ဖြူကို ဓားနဲ့ ရိုက် ၊ တောက်တောက်စင်း ၊ နံနံပင်ကို စင်းပြီး ရေ နဲ့ဖျော်ပါ)
  • အချဉ်ရည် (ကချင်ပြည်နယ်မှာ အချဉ်ရည်ကို မက်လင်သီး (သို့) ချဉ်စော်ခါးသီး အခြောက် ၊ မျှစ်တို့ခြောက် ( မျှစ်အချဉ်ခြောက် ) တို့နဲ့ ပြုလုပ်တတ်ကြပြီး အဲဒါတွေ မရှိရင်တော့ ရှာလကာရည်ကို သုံးပါ ။ )

ဆန်တိုဖူး ပြုလုပ်နည်း

  1. ပထမဦးဆုံး မုန့်လက်ဆောင်းဖတ် လုပ်မဲ့ ဆန်မာကို ရေစိမ်ထားပါတယ် ။   မနက် လုပ်မယ်ဆိုရင် ည ကတည်းက စိမ်ထားပြီး မနက်ကျ ဆန်ကို ရေစစ် ထားပါတယ် ။
  2. ရေစစ်လို့ ခြောက်ပြီ ဆိုရင် ဆန်ကို Blender ထဲ နည်းနည်းစီ ထည့်ပြီး ကြိတ်နိုင်ပါပြီ ။ ဆန်ချည်း သက်သက် မကြိတ်ဘဲ ရေ နည်းနည်းစီ ရောထည့် ပြီးလည်း ကြိတ်နိုင်ပါတယ် ။
  3. ဆန်မှုန့်တွေ ရလာရင် အိုးတစ်လုံး ထဲမှာ အရည်ဖျော် ပါတယ် ။  ဆန်မှုန့် ဖျော်ထား တာကို ပိတ်ပါးစ ၊ ရေစစ် တစ်ခုခုဖြင့် စစ်ပါတယ် ။
  4.  ရေစစ်ပေါ်တင် ကျန်နေတဲ့ အဖတ်တွေကို Blender ထဲ ပြန်ထည့်ပြီး ပြန်ကြိတ်ပါမယ် ။
  5. ဆန်မှုန့်ကို ရေနဲ့ ဖျော်ပြီးနောက် မီးဖိုပေါ်တင်ပြီး ကျိုပေးပါမယ် ။
  6. ဆန်မှုန့်နှစ်ရည်ကို ဆန်တိုဖူး ဖြစ်အောင် ခဲသွားဖို့ အတွက် ထုံးကို ထည့်ဖို့ လိုအပ်ပါတယ် ။  မဟုတ်ရင် မခဲပါ ။ ထုံး လက်တစ်ဆစ်လောက်ကို ရေစိမ်ထားပြီး ဆန်မှုန့်ကျိုတဲ့အခါ တစ်ခါတည်း ထည့်လိုက်ပါ ။ မီးဖိုပေါ် တင်ထားတုန်း မှာလည်း အောက်မှာ အနည်ထိုင်ပြီး ခဲမသွားအောင် အဆက်မပြတ် မွှေပေးရပါမယ်။
  7. ရေခမ်းစပြုလာရင် မီးနည်းနည်းနဲ့ ပျစ်လာအောင် ဆက်တိုက်မွှေပေးရပါမယ် ။   ရေခမ်းသွားပြီး စေးပျစ်နေတဲ့ အနှစ်များရပါပြီ။
  8. ပျစ်နေတဲ့ ဆန်နှစ်ကို ပန်းကန်ပြား(သို့) လင်ဗန်း တစ်ခုခုထဲထည့်ပြီး အအေးခံ ထားလိုက်ပါ ။
  9. အချိန် အနည်းငယ် ကြာရင် ကျောက်ကျောကဲ့သို့ ခဲသွားတဲ့ ဆန်တိုဖူးကို ရပါပြီ ။
  10. *ဆန်တိုဖူးကို လုပ်စားရမဲ့ အဆာပလာတွေကို အောက်မှာ ဖော်ပြပါမယ် ။
ဆန်တိုဖူးသုတ် ပြုလုပ်နည်း

1. ခဲနေတဲ့ ဆန်တိုဖူးကို လက်သန်းအရွယ် အချောင်းရှည်လေးတွေ လှီးဖြတ်ပါတယ်။
2. ဆန်တိုဖူးထဲကို ဆား ၊ အရသာမှုန့် ၊ ဆီတိုဖူးအရည် ၊ ကြက်သွန်ဖြူ နံနံပင်အရည် ၊ ဆီချက် ၊ ချဉ်ချဉ်စပ်စပ်ကြိုက်ရင် ငရုပ်သီးများများ၊ အချဉ်ရည်များများ ထည့်ပြီးရင် စားသုံးရန် အဆင်သင့်ဖြစ်တဲ့ ဆန်တိုဖူးကို ရပါပြီ ။
3. ချဉ်ချဉ်စပ်စပ် ကြိုက်သူများ အကြိုက်တွေ့မဲ့ ဆန်တိုဖူးဖြစ်ပါတယ်။ အချဉ်အစပ်မကြိုက်ရင် သင့်တင့်တဲ့ ပမာဏသာ ထည့်ပြီး စားသုံးနိုင်ပါတယ်

***နိုင်ငံခြားမှာ နေထိုင်သူများ ဆီတိုဖူးရှာချင်တယ်ဆိုရင် အင်္ဂလိပ်လို Fermented Bean Curd (သို့မဟုတ်) Preserved Bean Curd (သို့မဟုတ်) Fermented Tofu လို့ရှာရင် တရုတ်ကလာတဲ့ ဆီတိုဖူးပုလင်းကို ရနိုင်မှာဖြစ်ပါတယ်။
အားလုံးအတွက် ပျော်ရွှင်ဖွယ်အားလပ်ရက်ဖြစ်ပြီး အဆင်ပြေစွာ ချက်ပြုတ်စားသောက်နိုင်ကြပါစေရှင် ။

Credit: Original

Review

User Rating

3.6 (9 Votes)