ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် -၂လုံး
  • ဂျင်း – ၂ လက်မ
  • ကြက်သွန်ဖြူအမြွှာကြီး – ၂မြွှာ
  • ဆီ – ၁၅ကျပ်သား
  • အုန်းသီးအသေး – ၁ခြမ်း (ခြစ်ထားပါ)
  • ဆနွင်း – ၂/၃ (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်နီ – ၂လုံး
  • ဆား – ၁ ၁/၃ (စားပွဲဇွန်း)
  • ရေ – ၇၀၀ မီလီ

ပြင်ဆင်ပြုလုပ်နည်း

ကောက်ညှင်းကိုဆေးပြီး ၂နာရီရေစိမ်ထားပါ။ အုန်းခြစ်၆ဇွန်းကို ဆီ၅ကျပ်သားနဲ့ရွှေအိုရောင်ရအောင်ကြော်ပြီး အုန်းဆီချက်လေးရရင် ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။

ကြက်သွန်နီကို ပါးပါးလှီးပြီး ကျန်တဲ့ဆီ၁၀သားနဲ့ ကြော်ပါ။ ရွှေအိုရောင်ရရင် ကြက်သွန်ကြော်ကို ဆယ်ယူပြီး ဆီထဲကို ဂျင်း ၊ ကြက်သွန်ဖြူ ထောင်းထားတာနဲ့ ဆနွင်းထည့်ပြီး ဆီသတ်ပါ။

ဆီသတ်တဲ့အနံ့ မွှေးလာရင် ရေစစ်ထားတဲ့ ကောက်ညှင်းထည့်ပြီး ၂မိနစ်လောက် မွှေပါ။ ဆားထည့်ပြီး သမအောင် ၁မိနစ်လောက် မွှေပြီး မီးဖိုးပေါ်မှ ချထားပါ။ ထမင်းပါင်းအိုးထဲမှာ ကောက်ညှင်းဆီသတ်ထားတာနဲ့ ရေ ၇၀၀မီလီ ထည့်ပြီး တည်ပါ။

ရေခန်းပြီး ကောက်ညှင်းနပ်ပြီဆို ဒယ်ထဲထည့်၍ မီးဖိုပေါ်တင်ကာ မီးနည်းနည်းနဲ့ ဂျိုးကပ်အောင် တည်ပါ။ ဂျိုးကပ်တာ ညီစေရန် ဒယ်ကို လှည့်လှည့်ပေးပါ။ ရေသေချာခြောက်ပြီး ဆီပြန်လာရင် ဆီထမင်းရပါပြီ။ ကြက်သွန်ကြော်ကို အပေါ်မှာ ဖြူးပေးပါ။

ဆီထမင်းကို ပန်းကန်တစ်ချပ်ထဲ ကိုယ်လိုသလောက် ထည့်ပြီး အုန်းခြစ်ဖြူး အုန်းဆီချက်ဆမ်း ပဲပြုတ်ထည့်ပြီး သုံးဆောင်ပါ။

Credit: ဇီဇဝါ ချက်နည်းပြုတ်နည်းမုန့်လုပ်နည်း