တို့ဟူးနွေးက ရှမ်းပြည်ရဲ့ မနက်မှာစားတဲ့ မနက်စာ ဖြစ်ပါတယ်။ ရှမ်းပြည် မှာတော့ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး တို့စားရင် ရွှေပဲရွက်လေး ထည့်စား ကြပါတယ်။ ရွှေပဲရွက်မရှိလည်း ရေမုန်ညှင်း၊ မုန်ညှင်းရွက် အစ ရှိသဖြင့် ထည့်စားလေ့ရှိပါတယ်။ ချက်နည်းလည်းလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား (သို့မဟုတ်) ဝက်သား၊ တို့ဟူးမှုန့်
  • ဆန်ဆီးခေါက်ဆွဲ၊ အရွက်(ရွှေပဲရွက် ၊ ရေမုန်ညှင်း၊ မုန်ညှင်းရွက်)
  • ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ဆား
  • ဟင်းခတ်မှုန့်၊ သကြား၊ နံနံပင်
  • ကြက်သွန်မိတ်၊ မြေပဲဆံထောင်း၊ နှမ်း
  • ပဲငံပြာရည်အကြည်၊ ကြာညို့
  • ငရုတ်ဆီ၊ ကြက်သွန်ဖြူ ဆီချက်

ပြုလုပ်နည်း

ကြက်သို့မဟုတ် ဝက်သားကို တို့ဟူးနွေးနဲ့ရောစားဖို့ အရင်ဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ နီ ၊ ငရုတ်သီး အရောင်တင်မှုန့် ၊နနွင်းအနည်းယေ်ထည့်ပြီး ဆီသတ်ပါတယ်။ အရသာအတွက်တော့ အပေါ့အငန် ချိန်ပြီးထည့်နိုင်ပါတယ်။

တိုးဟူးနွေး ကျိုရန်အတွက် အရင်ဆုံး တို့ဟူးမှုန့်ကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ရေအေးဖြင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားရပါမယ်။ တို့ဟူး ကျိုမယ့်အိုးထဲကို ရေ ၁လီတာ (တိုဟူးမှုန့် ၂၅ကျပ်သား ) ထည့်ပြီး ဆူလာတဲ့အထိတည်ရပါမယ်။

ဆူလာရင်တော့ ခုဏက ဖျော်ထားတဲ့ တို့ဟူးဖျော်ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ရပါမယ်။

ပြီးရင်ဖြင့် အရသာအတွက် ဆား ၊ ဟင်းခတ်မှုန့်၊ သကြား အနည်းယေ်ထည့်ပြီး မီးအေးအေးလေးထားပြီး အဆက်မပြတ်မွေပေးရပါမယ် ။ ကိုယ်လိုချင်တဲ့ အနေအထားရောက်ရင်ဖြင့် တိုဟူးနွေး ကိုစတင်ပြင်ဆင်နိုင်ပါပြီ။

ဆန်ဆီးခေါက်ဆွဲကို အရွက်ကလေးပါ ထည့်ပြီး ၁မိနစ်လောက် ရေနွေးပွက်ပွက်ဆူထဲခဏထား ပြီးပြန်ဆယ်ကာ တို့ဟူးနွေးပြင်ဆင်မယ့် ပန်းကန် ထဲထည့် ၊ အပေါ်ကနေ တို့ဟူးနွေးလောင်းထည့်ပါ။

နံနံပင်၊ ကြက်သွန်မိတ်ထည့်၊ ထောင်းထားတဲ့ မြေပဲဆံ၊ နှမ်းထည့် ၊ချက်ထားတဲ့ ကြက်သားသို့မဟုတ် ဝက်သားထည့်ပါ။ ပဲငံပြာရည် အကြည် ၊ ကြာညို့၊ ငရုတ်ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်ကိုကို ဆီသတ်ထားတဲ့ ဆီတို့ထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်ကလေးဖြူးပြီး သုံးဆောင် နိုင်ပါပြီ။

Credit: အိမ်ဟင်းလေးတခွက်