ပင်လယ်စာ ကြိုက်သူတွေအတွက် အရမ်းကို အရသာရှိတဲ့ သင်္ဘောသီးထောင်းပါ။

ပါဝင်ပစ္စည်းများ

ပင်လယ်စာ သင်္ဘောသီးထောင်း ၁ ပွဲစာ (ဆွမ့်တမ်ထလေး)

  • သင်္ဘောသီး ခြစ် – လက် တဆုပ်စာခန့်
  • မုန်လာဥနီခြစ် – သင်္ဘောသီး ခြစ်ရဲ့ငါးပုံတစ်ပုံခန့်
  • ပင်လယ်စာ အစုံ – ပြည်ကြီးငါး (ကင်းမွန်)၊ ပုဇွန်၊ ငါးအသား၊ ဂုံး၊ ငါးဖယ်လုံး (တစ်မျိုးနည်းနည်းနဲ့ကြိုက်နှစ်သက်သလို)
  • ပဲတောင့်ရှည် – ၁ တောင့်
  • ခရမ်းချဉ်သီး – ၁ လုံး
  • သံပုရာသီး – ၁ လုံး
  • ထန်းလျက်ခဲ – ၂ ခဲ
  • ပုဇွန်ခြောက် – ၁ ဇွန်း (ထမင်းစားဇွန်း)
  • မြေပဲဆားလှော်- ၁ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်စိမ်းတေင့် နှင့် အနီတောင့် – ၃ တောင့် (မိမိနှစ်သက်သလို)
  • ကြက်သွန်ဖြူ – ၂ တက် (အခွံမချွတ်ရသေးတာပိုမွှေးပါတယ်)

ပြုလုပ်နည်း

လတ်ဆတ်တဲ့ ပြည်ကြီးငါး (ကင်းမွန်) အသားကို ဇကာ ကွက်ပုံလေးတွေ မွန်းပြီး အိုးကင်းပူတိုက် လှော်ပါ။ ရေမထည့်ရပါ။ ကင်းမွန်က သူ့ဟာသူ ရေတွေထွက်ပါတယ်။ ပုဇွန် အခွံချွတ်၊ ဂုံး၊ ငါးအသားတို့ကို ရေနည်းနည်းနဲ့ ကျက်ရုံလေးပြုတ်ပါ။

သင်္ဘောသီးကို ခြစ်ထားပါ။ ကျွတ်ကျွတ်လေးနဲ့တောင့်တောင့်လေး စားချင်ရင်တော့ စိတ်ရှည်ရှည်နဲ့အမျှင်သေးသေးလေးဖြစ်အောင် လှီးထားပါ။

သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထား သို့မဟုတ် ရေခဲသေတ္တာထဲ ၁နာရီလောက် ထည့်ထားပါ။

ပွဲပြင်ဆင်တော့မယ်ဆို ငရုတ်ဆုံထဲ ထမ်းလျက်ခဲတွေ ကြေအောင် အရင်ထောင်းပါ။ ပြီးနောက်ဖယ်ထားပါ။ နောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် အနီတောင့်တွေကို မညက်တညက်လေး ထောင်းထားပါ။

သံပုရာသီးကို အူတိုင်ထုတ်၊ ၃ စိတ်လှီးပြီး အရည်ရော သံပုရာသီး အခွံတွေပါ ထည့်ထောင်းပါ။ ခုနက ဖယ်ထားတဲ့ ထန်းလျက်ခဲအကြေတွေထည့်ပါ။ ပင်လယ်စာတွေကို ထည့်ပါ။ ပဲတောင့်ရှည်ကို လက်တဆစ်ခန့် ဖဲ့ခြွေ၊ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်း လှီးထည့်ပါ။ ပုဇွန်ခြောက်ထည့်ပါ။

လက်တဘက်က ဇွန်းကိုင်၊ တဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းရုံပြု (ပွတ်ချေ) ပေးပါ။ နောက်ဆုံး ခြစ်ထားတဲ့ သင်္ဘောသီးး နဲ့မုန်လာဥနီတွေ ထည့်ပြီး သမသွားအောင် ပွတ်ချေ ပေးပါ။

နှံ့ပြီဆို မြည်းကြည့်ပါ။ အပေါ့အငံ လိုချင်တဲ့အတိုင်း ဆား၊ ငါးငံပြာရည်၊ အချိုမှုန့်နှစ်သက်ရာထည့်ပါ။ နောက်ဆုံးမှာ မြေပဲဆားလှော် အခွံချွတ် ထားတာလေးတွေ ဖြူ းထည့်ပါ။

ရေခဲစိမ်ထားတဲ့ ကန်စွန်းရိုးနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လတ်လတ် ဆတ်ဆတ် လေးတွေနဲ့ တွဲဖက် စားသုံး ကြည့်ရင် အရသာထူးတဲ့ ပင်လယ်စာ သင်္ဘောသီးထောင်း စစ်စစ်ကို ခံစားရရှိနိုင်မှာပါ။ (ထိုင်းလူမျိုးတွေက သင်္ဘောသီးထောင်းကို ကောက်ညှင်းပေါင်း၊ ကြက်ကင် (သို့) ကြက်ကြော်တို့နဲ့ တွဲဖက် စားသုံးလေ့ ရှိကြပါတယ်။)

Credit: Thailand Go ထိုင်းနိုင်ငံမှာလည်ကြမယ်