ပါဝင်ပစ္စည်းများ

  • ပုစွန်ထုပ်-လတ် ( ၁၀)ကောင်
  • ငါးဆုပ်လုံး (၁၀)လုံး
  • မုန်ညင်းထုပ် (၁)ထုပ်
  • မုန်လာဥနီ (၁)ချောင်း
  • ငရုတ်ပွ (၂)ခု

Source: Siam Canadian Group

  • ပန်းဂေါ်ဖီ အနည်းငယ်
  • ဘိုစားပဲသီး အနည်းငယ်
  • ကိုက်လန် အနည်းငယ်
  • ပဲပြား (၁)ခု
  • ကြက်သွန်ဖြူ (၅)မွှာ

  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း(၂)ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း(၁)ဇွန်း
  • နှမ်းဆီမွှေး စားပွဲတင်ဇွန်းဝက်
  • ကော်မှုန့် စားပွဲတင်ဇွန်းဝက်
  • ဆီ စားပွဲတင်ဇွန်း(၅)ဇွန်း

  • သကြား အနည်းငယ်
  • ဆား အနည်းငယ်
  • ကြက်သားမှုန့် အနည်းငယ်
  • ထမင်း အသင့်အတင့်

ပြင်ဆင်ပြုလုပ်နည်း

ပုစွန်ထုပ်များကိုခေါင်းချွတ် အမြီးချန်၍ ခရုဆီအနည်းငယ်၊ သကြားအနည်းငယ်၊ ဆားအနည်းငယ်တို့ဖြင့် နယ်ထားပါ။

အသီးအရွက်များကိုလှီးဖြတ်၍ ဆားထည့်ထားသောရေထဲတွင် နာရီဝက်ခန့်စိမ်ထားပြီး ရေဆေးကာ စစ်ထားပါ။ ပဲပြားကိုအပါးလေးများလှီးပါ။

ဒယ်အိုးထဲတွင်ဆီထည့်၍ ဆီပူလျှင် ကြက်သွန်ဖြူဓားပြားရိုက် ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ပုစွန်၊ ငါးဆုပ်လုံးနှင့် ပဲပြားများထည့်၍ကြော်ပါ။ ထို့နောက် အရောင်ရလာလျှင် အသီးအရွက်များထည့်ပြီး သကြား၊ ကြက်သားမှုန့်၊ ဆားတို့ကိုထည့်ပါ။

မီးပြင်းပြင်းနှင့်အဖုံးအုပ်၍ (၂)မိနစ်ခန့် ကြော်ပြီးနောက် ပဲငံပြာရည်၊ ခရုဆီတို့ကိုထည့်မွှေပြီး ရေ(လက်ဖက်ရည်ပန်းကန်လုံး၁လုံး)စာခန့်ထည့်ပါ။ ရေဆူလာလျှင် အသီးအရွက်များကိုဘေးကပ်၍ ကော်မှုန့်ကို ရေအနည်းငယ်နှင့်ဖျော်ကာထည့်ပါ။

ကော်ရည်ပျစ်လာလျှင် အသီးအရွက်များနှင့်ပြန်ရော၍ နှမ်းဆီမွှေးထည့်ကာ ထမင်းပေါ်သို့အုပ်၍ သုံးဆောင်နိုင်ပါသည်။

Credit: EiCookingDiary