ပါဝင်ပစ္စည်းများ

  • ပုစွန်
  • ငံပြာရည် အရည်ကြည်
  • အရသာမှုန့်၊ နနွင်း
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ဆီ၊ သရက်သီးသနပ်၊ ငရုတ်သီးအတောင့်

ပြင်ဆင်ပြုလုပ်နည်း

ပုစွန်ကို သေချာဆေးပြီး အခွံခွာပါ ။ ပြီးရင်တော့ ငံပြာရည်အရည်ကြည် ၊ အရသာမှုန့် နဲ့ နနွင်းနည်းနည်းထည့်ပြီး နယ်ထားပေးပါ။

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ သေချာခွါပြီးဆေးပေးပါ ။ ကြက်သွန်နီကို ထောင်းထားပေးပါ ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ဆီချက်ပေးပါ ။ ဆီနည်းနည်းပဲ ထည့်ပေးရမှာပါ ။

ကြက်သွန်ဖြူနံ့လေး မွှေးလာပြီဆိုရင် ကြက်သွန်နီ ထောင်းထားတဲ့ အနှစ်လေးကို ထည့်မွှေပေးပါ ။ ကြက်သွန်နီ အနီရောင် သန်းပြီး အနံ့ မွှေးလာပြီဆိုရင် ပုစွန်နဲ့ ကြက်သွန်နီ အရွယ်တော်တစ်လုံးကို လေးခြမ်းလောက်စီ လှီးထားတဲ့ အတုံးလေးတွေကို ထည့်မွှေပေးပါ ။

ကြက်သွန်နီ ဥသေးရနိုင်ပါက ဥသေးလေးတွေကို အခွံနွှာ ရေဆေးပြီး ထည့်ပေးတာက ပိုကောင်းပါတယ် ။ ပုစွန်လည်းကွေး ၊ ကြက်သွန်လည်း နူးပြီဆိုပါက သရက်သီးသနပ် ချဉ်စပ်လေးကို ထည့်ပေးပြီး မွှေထားပါ ။ သရက်သီးသနပ်ရဲ့ မွှေးဆိမ့်တဲ့ ရနံ့လေးနဲ့ ကြက်သွန်နီရဲ့ အချိုလေးနဲ့ ပုစွန်ချိုချဉ်လေး ရပါပြီ ။

ကြိုက်တတ်ရင်တော့ ငရုတ်သီးအတောင့်လေးကို သေချာရေဆေးပြီး ထည့်မွှေပေးပါ ။ ချိုချဉ်ပုစွန် သရက်သီးသနပ်ကို စားတဲ့အခါ နူးအိနေတဲ့ ငရုတ်သီးစပ်စပ်ကို တွဲဖက်စားသုံးခြင်းဖြင့် ထူးခြားတဲ့အရသာတစ်မျိုးကို ရရှိနိုင်ပါတယ်

Credit: အစားအစာကမ္ဘာ