ပင်လယ်စာကလည်းကြိုက်တယ်၊ ချဉ်ငံစပ်လေးကလည်း မပါမဖြစ်ဆိုတဲ့သူများအတွက် ယခုဖော်ပြပေးမယ့်ဟင်းလျာလေးက အသင့်တော်ဆုံး၊ အကောင်းမွန်ဆုံးပါပဲ။ အရသာကလည်း အစပ်အဟပ်တည့်လှဆိုတော့ အစားချေးများတဲ့သူတွေတောင် လျှာလည်သွားပြီး နောက်တနေ့ထပ်ချက်ခိုင်းနေအုံးမယ်နော်။

ကဲ.. အခုပဲချက်နည်းလေးကို ဖော်ပြပေးလိုက်ပါပြီနော်။

ပါဝင်ပစ္စည်းများ

  • မကျီးသီးစိမ်း – ငါးကျပ်သား
  • မျှစ် နှင့်ပုဇွန် – တစ်ဆယ်သားစီ
  • ငရုတ်သီးစိမ်း – ငါးတောင့် နှင့်ဗမ နံနံ – တစ်စီး
  • ကြက်သွန်နီ – သုံးလုံး နှင့်ကြက်သွန်ဖြူ – သုံးတက်
  • ခရမ်းချဉ်သီး- နှစ်လုံးနှင့်ဆီ – အနဲငယ်

ပြုလုပ်ပုံ

မကျီးသီးစိမ်းကို ဆားအနဲငယ်ထည့်ပြီး ထောင်းထားပါ။ မျှစ်ကို ပြုတ်ပြီး အနေတော်တုံးထားပါ။ ပုဇွန်ကိုသန့်စင်ပြီး ဆားဆနွင်းနယ်ထားပါ။

ကြက်သွန် ဖြူ နီ ခရမ်းချဉ်သီးတို့ကို ရောကြိတ်ထားပါ။ အိုးထဲဆီထည့်ပြီး ဆနွင်းခတ်ပါ ကြိတ်ထားတဲ့ အမယ်တွေထည့် ဆီပြန်အောင်ထားပါ။ ကျက်လျှင် မကျီးသီး ထည့်ပါ။

ရေ အနဲငယ် ထည့်ပြီး ခဏဖုန်းထားပါ။ ထို့နောက် မျှစ် ထည့်ပါ ခဏထားပါ ပုဇွန်ထည့်ပါ။ ရေလိုသလောက်ထည့်ပြီး အပေါ့အငံ မြည်း၍ ငရုတ်သီးစိမ်း ခွဲထည့်ပြီး နံနံပင်အုပ်၍ သုံးဆောင် နိုင်ပါပြီ။

Credit: Daw Suu Suu