အထွေထွေ ဗဟုသုတ - General Knowledge

ပဲပြုတ်နှင့်ကျန်းမာရေး

December 18, 2015

ပဲပြုတ်နှင့်ကျန်းမာရေး

Share this on:

မြန်မာပြည်တွင် ခေတ်ရေစီးကြောင်း အလိုက်၊ နေထိုင်မှုစံနစ် ပြောင်းလဲ လာသည်နှင့်အမျှ၊ အစားအသောက် ပုံစံလည်း ပြောင်းလဲ့လို လာနေပါပြီ။ မည်သို့ပင် ပြောင်းလဲစေကာမူ၊ မပြောင်းလဲတာ တစ်ခု ကတော့ ပဲပြုတ် စားသုံးသော ယဉ်ကျေးမှုလေးပါ။

ဘိုးဘွားဘီဘင် လက်ထက်မှစ၍ ယနေ့ ထက် တိုင် မြန်မာနိုင်ငံ၏ မြို့ ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံနက်ချိန်ခါ တေးသံသာကို ကြားရစမြဲပါ။ ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာ ဆီဆမ်း ဆားဖြူး၍ လည်းကောင်း၊ ထမင်းကြော် အဖြစ် တစ်ဖုံ၊ နံပြား၊ အီကြာကွေး ဖြင့်တွဲဖက်ကာ နံက်စာ အဆာပြေ အဖြစ် လူကြီး၊ လူငယ်မရွေး၊ လူမျိုး ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး ခုံခုံမင်မင် စားသုံးကြပါတယ်။

ဒါတင်မကသေးပါဘူး။ ပဲပြုတ်သုပ်၊ ပဲပြုတ်ကြော် ဟင်းလျာများအဖြစ် စားသုံးနိုင်သလို၊ ပဲပြုတ်ကို မျှစ်ဖြင့်ရောေ ကြာ်ကာ၊ အရသာရှိရှိ စားသုံးလေ့ ရှိကြ၏။ ထို့ပြင် မြန်မာ့ရိုးရာ မုန့်ပဲသွားရည်စာများ ဖြစ်ကြသော၊ ရေမုန့်၊ မုန့်လင်မယား၊  ကောက်ညှင်းပေါင်း၊ လမ်းသရဲမုန့် တို့ မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။

“ပဲပြုတ်” ဆိုသည်မှာ စားတော်ပဲကို အညှောင့်ထွက်စေကာ၊ ပဲပွလာအောင် ဆော်ဒါဖေါက်ပေးပြီး၊ အရသာနှင့် အရောင်တို့ အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံ ပြုတ်ထားခြင်းပါ။ မိမိ ပတ်ဝန်းကျင်မှာ စားတော် ပဲပြုတ်ကို နေ့တဓူဝ မြင်တွေ့နေကြ ရသော်လဲ၊ ကျန်းမာရေး အတွက် မည်မျှထိ အရေးပါကြောင်း ကိုတော့ သတိ ထားမိ ကြမည် မထင်ပါ။

ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ စားတော် ပဲပြုတ်ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက် အကူ ဖြစ်စေသော ဗီတာမင်နှင့် သတ္တုဓာတ်တို့ အလုံအလောက် ပါရှိပြီး၊ ဘေးဖြစ်စေတတ်သော ကိုလက် စထရော လုံးဝ မပါရှိသည့် အတွက် နေ့စဉ် စားသုံး ပေးသင့်သော အာဟာရ ဖြစ်ကြောင်း USDA (ခေါ်) အမျိုးသား အာဟာရပြု စစ်တမ်းများနှင့် WHFoods တို့မှ အခိုင်အမာ ထောက်ခံထားကြပါသည်။

1. ပဲပြုတ်ထဲတွင် အဆီဓာတ် နှင့် ကယ်လိုရီ ပါဝင်မှု မရှိသလောက် လွန်စွာနည်းပါးသော်လည်း၊ အာဟာရဓာတ် ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန် ထိန်းသိမ်း လိုသူများ မှီဝဲစားသုံးသင့်ပါသည်။

2. ပဲပြုတ်ထဲတွင် ချေဖျက် လွယ်သော အမျှင်ဓာတ် အမြောက်အများ ပါရှိ၏။ ထိုအမျှင်ဓာတ်များသည် အစာခြေ လမ်းကြောင်း အတွင်း အစာကိုလှုပ်ရှား ရွေ့လျား စေသည့် အလိုအလျောက် ကြွက်သား လှုပ်ရှားမှုကို အားပေးသဖြင့် ၀မ်းမချုပ်စေပါဘူး။

3. စားတော်ပဲပြုတ်ထဲတွင် Nicotinic အက်ဆစ် ပါရှိသဖြင့်၊ သွေးထဲရှိမကောင်းသော ကိုလက်စထရောကို လျော့ချပေးနိုင်၏။

4. စားတော်ပဲသည် သံဓာတ် အရင်းအမြစ် ဖြစ်ခြင်းကြောင့် သွေးနီဥ ဆဲလ်များကို ကောင်းစွာ တည်ဆောက်စေကာ၊ သွေးအားနည်း ရောဂါ နှင့် အလွန်အမင်း မောပမ်းခြင်းတို့ မှ ကာကွယ်ပေးနိုင်ပြီး၊ ကိုယ်ခံစွမ်းအား ကိုတိုးတက် မြင့်မားလာစေ ပါသည်။ ထို့ ပြင် အဆုတ်ထဲရှိ အောင်စီဂျင်ကို ခန္ဓာကိုယ် အနှံ့ပို့ဆောင် ပေး၏။

5. စားတော်ပဲထဲတွင် Lutein နှင့် Carotenoid တို့ ပါရှိသဖြင့်၊ ပဲပြုတ်ကို ပုံမှန် စားသုံးသူများသည် အသက်အရွယ် ကြီးရင့် လာခြင်းကြောင့် မျက်စေ့ရောဂါ အမျိုးမျိုးနှင့် မျက်စေ့ ရေတိမ်ရောဂါ ဖြစ်နိုင်ချေ အလားအလာကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်များက အကြံပြု ထားကြပါသည်။

6. စားတော်ပဲပြုတ် တစ်ခွက်စာ ပမာဏထဲတွင် ဗီတာမင်ကေ ၄၄% ပါရှိသည့်ပြင်၊ ဗီတာမင်ဘီလည်း ပါရှိသဖြင့် အရိုးကိုကျန်းမာ သန်စွမ်းစေကာ၊ ဟိုမုန်း အပြောင်း အလဲကြောင့် အရိုး ကြွတ်ဆတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်၏။ ထို့ကြောင့် ကလေး၊ လူကြီးများ သာမက၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်ပါသည်။

7. သွေးထဲရှိ သကြား ပမာဏကို ပုံမှန် ဖြစ်စေခြင်း၊ ခန္ဓာကိုယ် အတွက် လိုအပ်သော ခွန်အားများကို ထုတ်လုပ်ပေးခြင်း၊ ကိုယ်တွင်းရှိ ဇီဝ ကမ္မဖြစ်စဉ်ကို တိုးတက် ကောင်းမွန်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

8. Free Radicals များသည် ခန္ဓာကိုယ်ထဲရှိ သွေးကြော နံရံများကို အနည်ကျ ပိတ်ဆို့စေကာ၊ သွေးကြောမများကို ပျက်စီးစေပြီး၊ အဆီပိတ်ရောဂါ၊ လေဖြတ်ခြင်း ၊ အဆစ်ရောင် လေးဘက်နာ ရောဂါများကို ဖြစ်စေ၏။ စားတော်ပဲ ထဲတွင် ပါရှိသော Flavonoids နှင့် Phytonutrients များသည် ဓာတ်တိုးဆန့်ကျင် ပစ္စည်း အဖြစ် စွမ်းဆောင်ပေးကာ၊ ထို Free Radicals များကို တိုက်ထုတ် ပေးသဖြင့် အဆိုပါ ရောဂါများကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် သစ်ပင်ထဲတွင် ရှားရှားပါးပါး တွေ့ရသည့်  Lectins ဓာတ်ပါရှိသဖြင့်၊ သွေးနီဥ ဆဲလ်များ ပျော်ဝင်စေကာ၊ သွေးခဲခြင်းမှ ကာကွယ်ပေးပါသည်။

9. ဗီတာမင်ဘီဓာတ်ပေါင်းစုပါရှိကာ Homocysteine ပမာဏကို လျော့ကျစေ သဖြင့် နှလုံးရောဂါ အမျိုးမျိုးကို ထိထိရောက်ရောက် ကာကွယ်ပေးသည့် အပြင် နှလုံးရောဂါနှင့် ပတ်သက် ဆက်စပ်လျက် ရှိသော လေဖြတ်ခြင်း တို့ကိုလဲ မဖြစ်စေပါ။ ထို့ကြောင့် တစ်ပတ်လျှင် အနဲဆုံး တစ်ကြိမ် စားပေးသင့်ကြောင်း ဆေး သိပ္ပံပညာရှင်များက အကြံပြု ထားကြပါသည်။

10. စားတော်ပဲထဲတွင် ဗီတာမင် အေ-ဘီ-စီ-အီး၊ Omega-3 တို့ ပါရှိသည့်ပြင်၊ ဇင့်သတ္တုဓာတ် အလုံအလောက်ပါရှိ၏။ ထိုဓာတ်ပေါင်း စုများသည် လေပြွန်ဖောင်း ပွ သည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ်ဇိုင်မား (ခေါ်) ဦးနှောက် အကြိုဇရာ ရောဂါ တို့ကို ကာကွယ် ပေးနိုင်ပါသည်။

11. စားတော်ပဲပြုတ်ထဲတွင် Glycemic ဓာတ် ပါဝင်မှု နဲပါးပြီး၊ သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်ခြင်းကြောင့် ဆီးချိုရောဂါ သည်များအတွက် ပဲပြုတ်ဟာ အကောင်းဆုံး အဖော်မွန်ဖြစ်ပါသည်။

12. မက္ကစီကိုနိုင်ငံတွင် မကြာသေးခင်က လေ့လာ စမ်းစစ်ချက်အရ၊ စားတော်ပဲထဲတွင် Polyphenol ဓာတ်ပါရှိသဖြင့်၊ နေ့စဉ် စားတော်ပဲပြုတ် ၂-မီလီဂရမ်မျှ စားပေးရုံဖြင့် အစာအိမ် ကင်ဆာကို ကြိုတင် ကာကွယ်ပေးနိုင်ဟည်ဟု ဆိုရပါသည်။

13. မဂ္ဂနီစီယမ် သတ္တူဓာတ် ကြွယ်ဝစွာပါရှိ၍၊ သွေးတိုးရောဂါကိုမဖြစ်စေပါ။

14. ဖောလိပ်ဓာတ် အရင်းအမြစ် စုဝေးရာ စားတော်ပဲပြုတ်ကို ကိုယ်ဝန်ဆောင်မိခင်များ စားပေးခြင်းဖြင့် မွေးဖွားလာသော ကလေးငယ် များတွင် မွေးရာပါ ဦးနှောက် နှင့် အာရုံကြော ဝေဒနာများ ဖြစ်နိုင်ချေ အလားအလာ နဲပါးစေပါသည်။

15. အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။

သတိပြုရန်။ စားတော်ပဲထဲတွင် သဘာဝ အလျောက်ပါရှိသော Purines ဓာတ်က ဂေါက်ရောဂါ သမားများနှင့် ကျောက်ကပ် ဝေဒနာသည်များကို ဘေးထွက် ဆိုး ကျိုး ဖြစ်စေနိုင်၍၊ အထူး ရှောင်ရှားသင့်ပါသည်။

အာဟာရဓာတ် ကြွယ်ဝသော ပဲပြုတ် ကို ဈေးဈေးပေါပေါ နှင့် အလွယ်တကူ ရရှိနိုင်သဖြင့်၊ နိုင်ငံတိုင်းတွင် “A poor Man’s Meat (၀ါ) ဆင်းရဲ ချို့တဲ့ သူများ အတွက် အသားဟင်းလျာ” ဟု တင်စား ခေါ်ဝေါ်လေ့ ရှိ

ကြပါသည်။ ဆေးသိပ္ပံပညာရှင်များကတော့ “Powerfood” ဟု ခေါ်ကြ၏။ ထို့ကြာင့် မိမိတို့  လက်တကမ်း တွင် အလွယ်တကူ ဈေျးနှုန်း ချိုသာစွာ ရရှိနိုင်သော “စားတော်ပဲပြုတ်” လေးများကို နေ့စဉ်သုံး အစားအစာ အဖြစ် စားသုံးသင့်ပါကြောင်း။

Credit: သုတရမျှဝေမယ် ဘာသာပြန်သူ (ပေါက်ပေါက်) ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Review

User Rating

2.7 (9 Votes)