အစာ (ဌာပနာ) အားလုံးကို ဖက်ထုပ်ရွက်ဖြင့် ထုပ်ပါက ၁၅၀ ခုခန့် ရပါတယ်။ Ready Made (သို့) မိမိ ကိုယ်တိုင် လုပ်သော Wonton Skin ကြိုက်နှစ်သက်ရာ သုံးနိူင်ပါတယ်။ ဖက်ထုပ်ရွက်ဖြင့် မထုပ်ပဲ ငါးဖယ်ဆုပ်ကဲ့သို့ ကြော်၍ အရသာရှိစွာ သုံးဆောင်နိူင်ပါတယ်။ ပိုသည့် ဌာပနာများကို ဗူးထဲထည့်၍ Frozen လုပ်သိမ်းပြီး လိုအပ်ချိန်တွင် ပြန်ဖျော်ပြီး သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ကြိတ်သား (Pork Mince) – ၁ ကီလို (၆၅ ကျပ်သား)
  • အတုံးခပ်သေးသေးလှီးထားသော Basa Fillet (သို့) ကြိုက်နှစ်သက်ရာ ငါးအသားလွှာ – 360 g (၂၃ ကျပ်သား)
  • ကြက်သားမှုန့် (Chicken Powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • Mushroom Soy Sauce – ထမင်းစားဇွန်း ၃ ဇွန်းခွဲ
  • Corn Flour – ထမင်းစားဇွန်း ၃ ဇွန်း
  • တရုတ်မဆလာ (Chinese Five Spice Powder) – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးသေးသေးလှီးထားသော Western Celery (သို့) Chinese Celery (တရုတ်နံနံ) – 2/3 Cup (160 ml) ခန့်
  • ပါးပါးလှီးထားသော နံနံပင် – 2/3 Cup (160 ml) ခန့်
  • ပါးပါးလှီးထားသော ကြက်သွန်ပင် – 2/3 Cup (160 ml) ခန့်

ပြင်ဆင်ပြုလုပ်နည်း

ဝက်ကြိတ်သား နှင့် လှီးထားသောငါးကို ကြေညက်သွားအောင် ကြိတ်ပေးပါ။ (ညီညီညာညာ ကြေညက်အောင် တစ်ခါတည်း အများကြီးမကြိတ်ပဲ နည်းနည်းချင်း ခွဲကြိတ်ပေးပါ။)

ကြိတ်ပြီးနောက် ကျန်သည့် ပါဝင်ပစ္စည်းအားလုံးထည့်ကာ သေသေချာချာ ရောနှောသွားအောင် တူ (သို့) ဇွန်းကို အသုံးပြုပြီး မွှေရောပေးပါ။

ပြီးနောက် ဌာပနာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ဖက်ထုပ်ရွက် (Wonton Skin) အလယ်ထဲထည့်ပါ။

ပြီးလျှင် ထက်ဝက်ခေါက်ချိုးပြီး နံဘေးအနားများအား လက်မ၊ လက်ညှိုး ၂ ချောင်းနှင့် အတွင်းမှအသားများနားကပ်ပြီး ဖိပေးပါ။ (အသားများကြောင့် Wonton Skin များ ကပ်သွားစေရန် ဖြစ်ပါတယ်။)

လိုအပ်သလောက်ထုပ်ပြီး ကြော်ရန်အသင့်ဖြစ်လျှင် ၊ Medium Heat ဖြင့် အပူပေးထားသည့် ဆီ အရမ်းမပူခင် အိုးမကြပ်အောင် ထည့်၍ ညီညီညာညာ ကျက်စေရန် ဟိုဖက်၊ ဒီဖက်လှန်ပြီး ကြော်ပေးပါ။ (ဆီအရမ်းပူမှ ကြော်လျှင် အတွင်းသားမကျက်ခင် အပြင်သားအကျက်လွန်ကာ အရောင်မလှဖြစ်တတ်ပါတယ်။)

ကြော်ပြီးနောက် ဆီစစ်ဆယ်ထုတ်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

ဖက်ဖြင့် မထုပ်သည်များကို ဆီပူထဲထည့်ကာ ကျက်အောင် ကြော်၍ လည်း အရသာရှိစွာ သုံးဆောင်နိူင်ပါတယ်။ (ဖက်ဖြင့်မထုပ်ပဲကြော်ရာတွင် လက်တွင်စေးကပ်မပေလိုပါက ရေစိုရုံဆွတ်ထားသော ဇွန်းဖြင့် ထမင်းစားဇွန်း ၁ ဇွန်းစာခန့်ခပ်၍ ဆီပူထဲ နောက်ဇွန်း တစ်ချောင်းဖြင့် ခြစ်ချ ထည့်ကြော်ပေးပါ။ ကြော်နေသောအချိန် ဆီပေါ် ပေါ်နေတတ်၍ အောက်မြှုပ်စေရန် မကြာခဏဇွန်းပြားဖြင့် ဖိချကြော်ပေးပါ။)

Credit: Chaw Su’s Food Friends