မိုးဦးကျ လေဦးကျဆိုရင် ဒညင်းသီးတွေ ပေါပေါ တွေ့လာရတတ်ပါပြီ။ ဒညင်းသီးပြုတ်ပြီးသား အဆင်သင့် ရောင်းချနေသူများ ရှိသလို စားရေစိမ် ဆိုပြီး ရောင်းချနေသူများကိုလည်း များများစားစား တွေ့လာရပါပြီ။ ဒညင်းသီးဟာ ဒူးရင်းသီးလိုပဲ ကြိုက်နှစ်သက်သူတွေ တအားကြိုက်ပြီး အနံ့မခံနိုင်သူတွေလည်း ဒုနဲ့ဒေးပါ။ ကျန်းမာရေး ဆိုးကျိုးတွေချည်း ရှိတဲ့ အတွက် အခု နောက်ပိုင်းဆိုရင် ဒညင်းသီးကို ရှောင်တဲ့လူတွေ များလာပါတယ်။ ဒါပေမယ့် စားတဲ့ လူတွေကလည်း စားနေကြတုန်းပါ။

ဒညင်းသီးဟာ ပိုစေးလေ စားကောင်းလေပါပဲ။ ဒညင်းသီးပြုတ်နဲ့ ငပိရည်နဲ့ဆိုရင် ဆွေးမျိုးပါ မေ့သွားနိုင်တဲ့ဆိုတဲ့ လူတွေ တပုံကြီးပါ။ ဒညင်းသီးပြုတ်ကို ပါးပါးလှီးပြီး လက်ဖက်သုပ်လေးနဲ့ တွဲစားကြသလို ဒညင်းသီးကို ပြားအောင် ထုပြီး အုန်းနို့ဆမ်းပြီးတော့လည်း စားကြပါတယ်။ ဒီအတိုင်း ထုပြီး ဆီနဲ့ဆားနဲ့ တို့စားကြတာလည်း ရှိပါတယ်။ ဒညင်းသီးနံ့ ပြင်းတာကြောင့် စားပြီးရင် တော်ရုံ အနံ့ မပျောက်ပါဘူး။ ချွေးတွေ ဆီးတွေ ဝမ်းတွေမှာပါ အနံ့က ကပ်ပါနေတတ်ပါတယ်။ ဒါကြောင့် ရုံးတွေမှာဆို ဒညင်းသီးစားတာကို ကန့်သတ်ထားတဲ့ ရုံးတွေ ရှိပါတယ်။

ဆေးပညာပါရဂူ တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်လွင်ကတော့ “ဒညင်းသီးကို ဓာတ်ခွဲစမ်းသပ်တဲ့အခါမှာ အကျိုးပြုတဲ့ အာဟာရတွေ မပါဝင်ပါဘူး။ ဖန်ချောင်းလို ကလပ်စည်းတွေ ကျောက်ကပ်မှာ သွားပိတ်ပြီး လူကို ဒုက္ခပေးပါတယ်။ ကျောက်ကပ်တွေ ပျက်စီးနိုင်ပါတယ်” လို့ ပြောထားပါတယ်။ ဒညင်းသီးကို ဘယ်က အစပြုလို့ စားသုံးခဲ့မှန်း မသိပေမယ့် စားလာတဲ့ သက်တမ်းကတော့ ၂၀၀ ကျော်နေပါပြီ။ အဆိပ်သီး ဒညင်းသီးလို့ ဘယ်လို ပြောနေကြပါစေ ကြိုက်တဲ့လူတွေကလည်း စားနေဆဲပဲ ဖြစ်ပါတယ်။

ဒါကြောင့် တချို့ အာဟာရပညာရှင်တွေကတော့ ဒညင်းသီးကို စားမယ်ဆိုရင် ပြုတ်စားတာထက် ဆားရေစိမ်စားတာက ပိုကောင်းတယ်လို့ အကြံပြုထားပါတယ်။ ဒညင်းသီးမှာ ပါတဲ့ အဆိပ်ဟာ ရေဆူမှတ်မှာ ဘယ်လိုမှ မပျော်ဝင်နိုင်ပါဘူး။ ဒါကြောင့် နူးသွားပေမယ့် အဆိပ်တွေဟာ လျော့မသွားပါဘူး။ ဆားရည်စိမ်ခြင်းကတော့ အဆိပ်တွေ လျော့သွားပြီး ဆားရည်နဲ့ ဆေးပြီး စိမ်မယ်ဆိုရင် ပိုကောင်းပါတယ်။

ဒညင်းသီးကို ကြိုက်လွန်းလို့ စားမယ်ဆိုရင်တော့ ပွင့်ထွက်စေနိုင်တဲ့ အစားအစာမျိုးနဲ့ တွဲစားပေးသင့်ပါတယ်။ ဥပမာ- ဒညင်းသီး တို့မယ်ဆိုရင် ရှောက်ရွက်စားပေးတာမျိုးပါ။ တချို့ကလည်း ပြုတ်ရင် ရှောက်ရွက်ထည့်ပြုတ်စားကြပါတယ်။ ဒညင်းသီးဟာ သွေးတိုးစေတာကြောင့် စားပြီးရင်တော့ သံပုရညရည် တစ်ခွက် သောက်ပေးရင် ပိုပြီး ကောင်းစေပါတယ်။ အကောင်းဆုံးကတော့ လုံး၀ ရှောင်ခြင်းပါပဲ။

Photo Credit: PicturePush