အခုလို ရာသီမှာ သိပ်လိုက်ဖက်သော အရံ ဟင်းပွဲလေးပါ။  မနက်စာ ထမင်းကြော်နှင့် အတွဲ သိပ်လိုက်လို့ အိမ်မှာရော စားဖူးသော သူငယ်ချင်း မိတ်ဆွေများ ကပါ အမြဲထောင်းခိုင်းသော ဒီငါးပိထောင်းလေးကို ပူစပ်ပူစပ်နှင့် လျာလည်သွားစေရန် ထောင်းစားကြည့်လိုက်နော်… ။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီး စိမ်း – ၁ဝ ကျပ်သား (အစပ်မျိုး၊ အညှာခြွေထားပါ)
  • စိမ်းစားငါးပိ – စားပွဲဇွန်း ၂ ဇွန်းခွဲ (ငါးပိကို မီးပူရုံလေးနှင့် ဖုတ်ပါ။ မွှေးလာသည်ထိပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • မန်ကျည်းအဆန်ချောင် – ၇ တောင့် (အခွံခွာပြီး အသားများပါးပါးလှီးထားပါ)
  • ပုစွန်ခြောက်မှုန့် – စားပွဲဇွန်း ၂ ဇွန်း
  • ပူစီနံ – ၁ စည်း (အရွက်ခြွေထားပါ)

ပြုလုပ်နည်း

  1. စိမ်းစားငါးပိကိုဖုတ်ရာမှာ မီးမျှင်မျှင်လေးနဲ့ဖုတ်ပြီး မတူးပါစေနှင့်။ အနံ့မွှေးရုံသက်သက်ပါ။
  2. ငရုတ်သီးကို အရင်ညက်အောင်ထောင်းပေးပါ။ ပြီးလျှင် မန်ကျည်းအသားဖတ်များထည့်ပြီး အတူထောင်းပေးပါ။ (ကြိတ်စက်နဲ့ ကြိတ်လျှင် ပိုမြန်ပြီး ငရုတ်စေ့တွေလည်း ညက်လွယ်ပါတယ်)
  3. ညက်လာသော ငရုတ်သီးထဲ ကျန်ပစ္စည်းများထည့်ပြီးထောင်းပါ။
  4. ဆား အပေါ့၊ အငန်မြည်းပြီးလျှင် လေလုံဘူးထဲမှာထည့်ပြီး ကြာကြာ အထားခံအောင် ရေခဲသေတ္တာထဲမှာ ထားလို့ရပါတယ်။
  5. စားသုံးခါနီးမှ ရေခဲသေတ္တာထဲကနေ မိနစ်ကြိုထုတ်ထားပါ။ စားမယ့်လောက်ကို ပန်းကန်ထဲထည့်ပြီး ကြိုက်နှစ်သက်ရာ ရာသီပေါ် တို့စရာဖြင့် စားသုံးနိုင်ပါသည်။