မုန်တိုင်း အခံနဲ့ ရွာချလိုက်တဲ့ မိုးရေဟာ မြန်မာပြည့် အနှံ့အပြားမှာ စိုစွတ်စေပြီး အေးမြစေပါတယ်။ တဖွဲဖွဲ စွေရွာနေတဲ့ မိုးကြောင့် အပြင်မထွက်ဘဲ အိမ်ထဲမှာဘဲ နေချင်ကြတဲ့ လူတွေ အတွက် ဒီတပတ် ပိတ်ရက်မှာတော့ မိုးအေးအေးနဲ့ ရေနွေးလေးနဲ့ လိုက်မယ့် လွယ်ကူမြန်ဆန်တဲ့ ဟင်းထုပ်လေး စားလို့ရပါတယ်။ ဟင်းထုပ်ဟာ ရှမ်းလူမျိုးတို့ရဲ့ အစားအစာတစ်ခု ဖြစ်ပြီး လူတိုင်း ကြိုက်နှစ်သက်တဲ့ အစားအစာပါ။ လုပ်ရတာ လွယ်ကူပြီး မြန်ဆန်တဲ့ အစားအစာ တစ်ခုပါ။

ဟင်းထုပ်ကို ဆန်မှုန့်နဲ့ အဓိက လုပ်တာဖြစ်ပြီး အသားစားချင်သူတွေ အသားထည့်လို့ ရသလို အသားမထည့်ဘဲလည်း ကောင်းတဲ့ မုန့်ပါ။ ရှမ်းပြည်ရောက်မယ်ဆိုရင်တော့ မစားမဖြစ် စားသင့်တဲ့ သရေစာ တစ်ခုဖြစ်ပြီး ဈေးလည်း သက်သာ ဗိုက်လည်း ပြည့်စေမယ့် မုန့်ပါ။ ဟင်းထုပ်မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့

  • ဆန်မှုန့်
  • အသား (ကြိုက်နှစ်သက်တဲ့အသား/ မထည့်ချင်လည်း ရပါတယ်)
  • ငှက်ပျောဖူး (မထည့်လည်း ရပါတယ်)
  •  ကြက်သွန်မြိတ်

  • ဆား
  • ကြက်သားမှုန့်
  • ဆီ
  • ကြက်သွန်ဖြု (ဆီချက်ချက်ရန်)

  • ငရုတ်သီးခြောက်
  • ဂျူးမြစ်/ဂျူးဖူး
  • ငှက်ပျောရွက်

အရင်ဦးဆုံး အသားထည့်စားချင်သူတွေကတော့ အသားကို ပါးပါး လှီးထားရပါမယ်။ ဆန်မှုန့်ကတော့ Ready Made တွေ သုံးလည်း ရပါတယ်။ ပိုစေးပိုင်တာ စားချင်ရင်တော့ ရှမ်းဆန်ကို ကြိတ်ပြီးထည့်လို့ရပါတယ်။ လွယ်ကူတာကတော့ Ready Made ထုပ်တွေပါ။ ငှက်ပျောဖူးထည့်စားချင်သူတွေကတော့ ငှက်ပျောဖူးကို ပါးပါးလှှီးပြီး နနွင်းကိုရေဖျော်ပြီး လှီးထားတဲ့ ငှက်ပျောဖူးတွေကို စိမ်ထားပေးပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ ငှက်ပျောဖူး မထည့်ချင်သူတွေ အတွက်ကတော့ ဆန်မှုန့်၊ အသား၊ ကြက်သွန်မြိတ်တွေကို ရောနှယ်ရင် ရပါပြီ။ ဘာပဲ ထည့်စားစား ပါးပါးလှီးပြီး ဆန်မှုန့်နဲ့ ရောနယ်ပေးပါ။ ဆား၊ အချို အရသာတွေ ထည့်ပြီး ရေကို သင့်တော်ရုံထည့်ပြီး နယ်ပေးပါ။ ရေများသွားရင် ပျော့ပြဲသွားတတ်ပြီး ရေနည်းရင် မာသွားတတ်ပါတယ်။
ငှက်ပျောရွက်ကို မီးနည်းနည်းပြပြီး ထားထားပါ။ ဆီသုတ်ပြီး နယ်ထားတဲ့ အစာတွေကို ထည့်ပါ။ ပေါင်းအိုးထဲ ရေထည့်ပြီး ဇကာပေါ်ကို ထုပ်ထားတဲ့ ဟင်းထုပ်တွေကို ထည့်ပေါင်းပါ။

ဟင်းထုပ်တွေကို ပေါင်းနေတဲ့ အချိန်မှာ တွဲဖက်စားမယ့် အရာတွေကို ပြင်ဆင်ထားရပါမယ်။ ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါ။ ငရုတ်သီးခွဲကြမ်းကို ဆီနည်းနည်းနဲ့ ကြော်ပြီး တွဲစားလို့ ရသလို ငရုတ်သီးတောင့်ကြော်နဲ့လည်း စားလို့ ရပါတယ်။ ဂျူးဖူးနဲ့ ဂျူးမြစ်တွေကို ရေဆေးပြီး အရွယ်လေးတွေ ဖြတ်ထားပါ။ နံနံပင်လေးနဲ့လည်း ထည့်စားလို့ ရပါတယ်။ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ဟင်းထုပ်ကနေ မွှေးတဲ့ ရနံ့လေးကို ရလာပါလိမ့်မယ်။ ၁နာရီ ကျော်ကျော်လောက် ပေါင်းရင် ဟင်းထုပ်က ရပါပြီ။ ဟင်းထုပ်ကို ဖက်လေးဖြေပြီး အပေါ်က ကြက်သွန်ဖြူဆီချက်လေး ဆမ်းပါ။ ငရုတ်သီးကြော်လေးကို ဘေးမှာ ပုံပြီး ဂျူးမြစ်/ဂျူးဖူးလေးကို ဘေးမှာ ထည့်ပါ။ ဝက်ခေါက်ကြော်၊ မုန်ညင်းချဉ်၊ အကြော်စုံတို့နဲ့လည်း တွဲဖက်စားလို့ ရပါတယ်။

ကဲ မိုးအေးအေးနဲ့ အိမ်မှာ ကွေးရင်း ဟင်းထုပ်လေးနဲ့ ငြိမ့်ကြရအောင်နော်…

Photo Credit: Simon