မိုးအေးအေးမှာ စားလို့ကောင်းမယ့် အစားအစာ တစ်မျိုးကတော့ Hot Pot ပါ။ အေးစိမ့်စိမ့်လေးမှာ အငွေ့တထောင်းထောင်း ထနေတဲ့ Hot Pot လေး စားလိုက်ရရင် မုန်တိုင်းကိုတောင် သတိရတော့မယ် မထင်ပါဘူး။ ဆိုင်မှာ အုပ်စုလိုက် သွားစားရင်လည်း ပျော်စရာကောင်းသလို အိမ်မှာ စုပြီး လုပ်စားကြမယ်ဆိုရင်လည်း လွယ်ကူပြီး မြန်ဆန်ပါတယ်။

ဟော့ပေါ့ဟာ အရှေ့တိုင်း အစားအစာတစ်မျိုးပါ။

ထိုင်ဝမ် ဟော့ပေါ့နဲ့ ဂျပန်ဟော့ပေါ့ (Shabu Shabu) တို့ဟာ လူကြိုက်များပြီး မြန်မာပြည်မှာတော့ တော်တော်စားကြပါတယ်။ အခုဆိုရင် ဟော့ပေါ့တွေကို ဈေးသိပ်မကြီးတော့ဘဲ စားလို့ အဆင်ပြေနိုင်တဲ့ ဆိုင်တွေ တော်တော်များလာပါပြီ။

ဟော့ပေါ့တစ်အိုး ချက်တော့မယ်ဆိုရင်တော့ အဓိက အရေးကြီးတာက ဟင်းရည်ပါ။ ဟင်းရည်ဟာ အနံ့၊ အရသာနဲ့ ပြည့်စုံနေမှသာ ကောင်းမွန်တဲ့ ဟော့ပေါ့ ရပါလိမ့်မယ်။ အဓိက ဟင်းရည်ကို ဝက်ရိုးနဲ့ ချက်ရင် ပိုကောင်းပါတယ်။ ဝက်သားမစားဘူးဆိုရင်တော့ ကြက်ရိုးနဲ့ ချက်လို့ ရပါတယ်။ ဟော့ပေါ့မှာ သုံးပိုင်း ရှိပါတယ်။ ဟင်းရည်၊ အချဉ်နဲ့ အသီးအရွက်အသားတွေကို ပြင်ဆင်တာပါ။ ဟင်းရည်လုပ်ရမှာ ပါဝင်တာတွေကတော့

  • ဝက်ရိုး
  • ဂျင်း (အခြောက်ဆိုရင် ပိုကောင်းပါတယ်)
  • စပျစ်သီးခြောက်
  • ဆား
  • သကြားနည်းနည်း
  • ဟင်းခတ်မှုန့်
  • ကြက်သွန်ဖြူ

ဟင်းရည်လုပ်ရာမှာ အရင်ဆုံး ဝက်ရိုးတွေကို ဆားနဲ့နယ်ပြီး ပြုတ်ထားပါ။ ပြီးမှာ တခြား ပါဝင်ပစ္စည်းတွေကို ထည့်ပါတယ်။ အရိုးတွေ နည်းနည်းနူးအောင်ထားပြီး ချက်ပါ။ အနံ့ မွှေးပြီး စားချင်စဖွယ် ဖြစ်လာပါလိမ့်မယ်။ အသားတွေ အရွက်တွေ တခါတည်း ထည့်ချက်ပြီး စားမယ်ဆိုရင်တော့ အရိုးတွေကို နူးအောင်လုပ်ပြီးမှ ချက်ပါ။ ဒါမှမဟုတ် ဟော့ပေါ့အိုးကို အလယ်တည်ပြီး စားမယ်ဆိုရင်တော့န ည်းနည်း နူးတာနဲ့ ရပါပြီ။ အစပ်စားချင်သူတွေအတွက်ကတော့ ငရုတ်အနှစ် နည်းနည်း ထည့်ချက်လို့ ရပါတယ်။ တချို့ကလည်း တုန်ယမ်းနှစ် ထည့်ချက်ပါတယ်။

ဟော့ပေါ့ထဲ ထည့်စားမယ့် အစားအစာတွေကို ပြင်တဲ့ အခါမှာ မပါမဖြစ် စားကြတဲ့ အရာတွေရော ကိုယ်ကြိုက်နှစ်သက်ရာပါ ထည့်ကြပါတယ်။
အများအားဖြင့် ထည့်လို့ရတာတွေကတော့

  • ဝက်သား (အသားကို ပါးပါးလေးတွေ လှီးထားရင် ကောင်းပါတယ်။ City Mart တွေမှာ လှီးပြီးသားရောင်းတတ်ပါတယ်။)
  • ငုံးဥ
  • ငါးဖယ်လုံး၊ ငါးလုံး (Ready Made တွေ ရှိပါတယ်)
  •  ပြည်ကြီးငါး
  • ဂဏန်းလက်မ
  • ဂဏန်းချောင်း
  • ငါးအသားလွှာပြီးသား (ငါးရံ့ကို ခပ်ပါးပါး အသားလွှာပြီး ပြင်ထားပါ။ ကိုယ်နှစ်သက်တဲ့ ငါးဆိုလည်း ရပါတယ်)

  • ပုဇွန် (ကိုယ်နှစ်သက်တဲ့ အနေအထားကို ဝယ်ပါ)
  • ကြာစွယ်
  • မုန်ညင်းရွက်
  • တာအိုးဆိုင်ရွက်

  • အပ်မှို
  • ပဲလိပ်
  • မှို (ကိုယ်နှစ်သက်တဲ့ မှိုအမျိုးအစားကို ထည့်ပါ။)
  • မုန်လာဥနီ
  • ပဲပြား
  • ဝက်ခေါက်
  • ပောင်းဖူးအသေး
  • ပောင်းဖူး (အပိုင်း ပိုင်းထားပါ)

Taiwanese-Hot-Pot

တခြား ကိုယ်နှစ်သက်တဲ့ အသားနဲ့ အရွက်တွေကို ထည့်လို့ ရပါသေးတယ်။ အပေါ်မှာ ပြောထားတာတွေကတော့ အစားများပြီး ဟော့ပေါ့ အရသာ ပြည့်စုံစေမယ့် မပါမဖြစ်တွေပါ။

ဟော့ပေါ့ စားတဲ့အခါ အရေးကြီးတာက အလယ်မှာ ချက်မယ့် အိုးပါ။ ဟော့ပေါ့အိုးတွေကို လွယ်လွယ်ကူကူ ဝယ်လို့ ရနေပါပြီ။ ဒါမှမဟုတ်ရင်လည်း ဂတ်စ်မီးဖိုပေါ်မှာ အိုးပက်ပက် တင်ပြီး ပြုတ်စားလည်း ရပါတယ်။ တွဲဖက်စားမယ့် အချဉ်ကိုလည်း အရသာ ကောင်းကောင်း ပြင်ဆင်ရပါဦးမယ်။ အချဉ်ကို ငရုတ်ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာသီးတို့နဲ့ လုပ်လို့ ရပါတယ်။ ကြက်သွန်နီကို ညက်အောင်ထောင်းပါ။
ကြက်သွန်ဖြူကို ခပ်ပါးပါးလှီးထည့်ပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှှီးထည့်ပါ။ ဆားထည့်ပါ။ သကြားနည်းနည်းထည့်ပါ။ သံပုရာသီး ညှစ်ပါ။ ငရုတ်ဆီကို ရေနွေးနဲ့ ဖျော်ပြီး အားလုံးကို ရောလိုက်ပါ။

ကဲ မိုးအေးအေးမှာ ဟော့ပေါ့လေး လုပ်စားရင်း ဆွေမျိုး၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းကြစို့။

Credit: justonecookbook.com