မီးဖိုချောင်ထဲက မရှိမဖြစ် နောက်ထပ် ပစ္စည်း တစ်မျိုးကတော့ ငံပြာရည်ပါ။ ငံပြာရည်ဟာ သာမန်အားဖြင့် ငါးပိမှ ထွက်တဲ့ အရည်ဖြစ်ပြီး ငါးကနေ ပြုလုပ်တဲ့ ငံပြာရည် ရှိသလို ပဲကနေ လုပ်နေတဲ့ ပဲငံပြာရည်လည်း ရှိပါတယ်။

ငံပြာရည်ကို စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ မင်းငါးပိတို့ကနေ ရပါတယ်။ ငါးပိအမျိုးအစားကို လိုက်ပြီးတော့ နံမည်တွေကိုလည်း မှည့်တာပါ မျှင်ငံပြာရည်၊ စိမ်းစားငံပြာရည်၊ မင်းငံပြာရည် ဆိုပြီး ကွဲသွားပါတယ်။ ငါးပိ ကောင်းလေ ငံပြာရည် ကောင်းလေပါပဲ။ ငါးပိ အဓိက ထွက်တဲ့ နေရာတွေကနေ ငံပြာရည်လည်းထွက်ပါတယ်။ ဘိတ်ငံပြာရည်ဆိုရင်တော့ ချိုပြီး မွှေးတဲ့ ငံပြာရည် အဖြစ် ထင်ရှားပါတယ်။

fishsauce
ငံပြာရည်လုပ်ရာတွင် အရေးအကြီးဆုံးကတော့ ငါးပိကောင်းဖို့ပါ။ ငါးပိသိပ်တဲ့ စည်တွေရဲ့ အလယ်မှာ ရေတံလျှောက်လို ပုံစံ မြောင်းငယ်လေး ဖောက်ထားရပါတယ်။ ငါးပိကနေ စိမ့်ထွက်လာကာ ငံပြာရည်ဟာ ထိုမြောင်းငယ်လေးကနေ စီးဆင်းကြလာပါတယ်။ ငါးပိဟာ လေးတဲ့ ပစ္စည်းဖြစ်တာကြောင့် အိုးထဲမှာ အနည်ထိုင်သွားပြီး ငံပြာရည်တွေက စိမ့်တက်လာတာပါ။  အိုးသွတ်ငံပြာရည်လို့ ခေါ်ကြပါတယ်။

မီးဖိုချောင်ထဲက မရှိမဖြစ် ပစ္စည်းများ (၂)... ငံပြာရည်
ငါးပိမှ ရတဲ့ ငံပြာရည်ကို မြန်မာတိုင်း ကြိုက်နှစ်သက်ကြပါတယ်။ ငံပြာရည်ကို မြန်မာပြည်ကတင် မဟုတ်ဘဲ ထိုင်းဘက်ကလည်း တင်သွင်းပါတယ်။ ကင်းမွန်တို့ ပုဇွန်တို့ကနေ လုပ်တဲ့ ငံပြာရည်တွေဟာ အချိုဓာတ်များပြီး ဟင်းခတ်ရာမှာ ကောင်းမွန်ပါတယ်။ အနံ့မွှေးတဲ့ အတွက် လူကြိုက်များပါတယ်။ ငံပြာရည်ရဲ့ အရသာဟာ အငန်ဓာတ်နဲ့အချိုဓာတ် ရောပြွန်းထားတာပါ။ ဟင်းရဲ့ အရသာ အချိုကို လေးနက်စေပါတယ်။ ငံပြာရည်ကို ဟင်းထဲ ထည့်ချက်စားကြသလို အသုပ် သုပ်တဲ့ အခါမှာလည်း သုံးပါတယ်။ တစ်ခါတစ်ရံ ငံပြာရည်ကို ငရုတ်သီးမှုန့် ဖျော်ပြီး တို့စရာနဲ့ စားကြပါတယ်။

Ref: Swansone