မြန်မာလူမျိုးတို့ အဖို့ နေ့စဉ် အဓိကထား စားသုံးရတဲ့ အစားအစာကို ပြောပါဆိုရင် ထမင်းပါ။ အာရှသားတွေထဲမှာ ထမင်းကို အဓိကထား စားတဲ့အထဲ မြန်မာက ထိပ်ဆုံးလို့တောင်  ဆိုရပါမယ်။ ထမင်းစားချိန်တွေမှာ အခြား တစ်ခုခု စားရင်တောင် တင့်တိမ်ရောင့်ရဲနိုင်ခြင်း မရှိကြပါ။ ထမင်းလေး စားလိုက်ရမှ အာသာပြေတယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဓိကထား စားတဲ့ ထမင်းကို ဆန်ကနေ ရရှိတယ်ဆို သိကြမှာပါ။

အခု စိုက်ပျိုးနေတဲ့ စပါးမှာ မျိုးကွဲပေါင်း ၂၅မျိုး ရှိတယ်လို့ ဆိုကြပါတယ်။ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသတွေမှာ စိုက်ပျိုးကြပြီး မျိုးစိတ်တွေကို အာရှတိုက်နဲ့ အာဖရိက တိုက်မှာရိတဲ့ ပင်ရင်း မျိုးစိတ်ကနေ ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။ ဆန်ကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်ကပင် အစာအဖြစ် စားသုံးခဲ့ကြပါတယ်။ စတင် စိုက်ပျိုးသည့် နိုင်ငံကို အတိအကျ မသိခဲ့ပေမယ့် အာရှတိုက်ကနေ ပြန့်နှံ့ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

ဆန်ဟာ နေရာအနှံ့အပြားမှာ ရာသီဥတု အခြေအနေ အမျိုးမျိုးနဲ့  လိုက်ဖက်ပြီး မျိုးကွဲပေါင်းများစွာ ရှိပါတယ်။ အချို့ စပါးတွေဟာ မိုးခေါင်ခြင်းကို ခံနိုင်ရည် ရှိပါတယ်။ အချို့တွေကတော့ ရေလွှမ်းပေမယ့် ရှင်သန်နိုင်ကြပါတယ်။ အချို့တွေကတော့ ရေချိုနဲ့မှ စိုက်ပျိုးလို့ ဖြစ်ထွန်းသလို အချို့ကတော့ ရေငန်မှ စိုက်ပျိုးလို့ ရတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့  ဆန်စပါးနဲ့ ကောက်ညှင်းစပါးဆိုပြီး စိုက်ပျိုးကြပါတယ်။ ဆန်မှာတော့ အသုံးအနှုန်းအရ ၅မျိုး အဓိကခွဲထားပါတယ်။ ငစိန်၊ မီးတုံး၊ ဧည့်မထ၊ ပေါ်ဆန်း၊ တောင်ပျံ၊ လက်ရွေးဆန်နဲ့ ဗျတ် တို့ ဖြစ်ပါတယ်။

ဆန်မှာ ပရိုတင်းဓာတ် အဓိက ပါဝင်ပြီး ဂျုံထဲမှာ ရှိတဲ့ ပရိုတင်းဓာတ်ထက် ပိုပြီး အာနိသင် ရှိပါတယ်။ အဆီဓာတ် အနည်းငယ် ပါရှိပြီး ကယ်လ်ဆီယမ်ခေါ် ထုံးဓာတ် အနည်းငယ်သာ ပါရှိပါတယ်။ သံဓာတ်နဲ့ ဗီတာမင်ဘီလည်း ပါဝင်ပါတယ်။ ဆန်နှစ်ကို ဖုံးထားတဲ့ အမြှေးမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ဆန်နှစ်မှာတော့ ပါဝင်မှု နည်းပါတယ်။ ဖြူအောင်ကြိတ်ထားတဲ့ ဆန်တွေမှာ ဆန်နှစ်ပဲ ကျန်တော့တာမို့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေသာ အများဆုံး ပါဝင်နေပါတယ်။

ဆန်ကို ချက်မစားဘဲ ပေါင်းစားခြင်းဟာ အာဟာရဓာတ်တွေကို ပိုပြီး ရရှိစေနိုင်ပါတယ်။ ဆွတ်ဆွတ်ဖြူတဲ့ ဆန်ကို ရေဆေးလိုက်တဲ့ အခါ အာဟာရဓာတ်တွေဟာ တဖြည်းဖြည်း နည်းသွားပါတယ်။ ဆန်ကို ချက်ရာမှာ ရေခန်းချက်နည်း၊ ပေါင်းနည်းနဲ့ ရေငှဲ့ချက်နည်းဆိုပြီး ရှိပါသေးတယ်။ ရေခန်းချက်နည်းကတော့ အိုးတည်ဆန်ခတ်ပြီး ရေတွေ ကုန်အောင် ချက်တဲ့ နည်းပါ။ ပေါင်းနည်းကတော့ ရေငွေ့နဲ့ ပေါင်းတာ ရှိသလို ပေါင်းအိုးနဲ့ ပေါင်းစားကြတာလည်း ရှိပါတယ်။ ရေငှဲ့ ချက်နည်းကတော့ ဆန်ကို ပြုတ်ပြီး ပျော့လာချိန်မှာ ရေတွေငှဲ့လိုက်ပြီး ပြန်နှပ်ပြီး ချက်တဲ့ နည်းပါ။ ထမင်းလုံးလေးတွေ စီပြီး လှတဲ့ ချက်နည်းပါ။

ဗီတာမင်ဘီဝမ်း ဟာ ရေမှာပျော်ဝင်နိုင်တာကြောင့် ဆန်ကို အထပ်ထပ်ပွတ် တိုက်ဆေးခြင်းမျိုးမလုပ်ဘဲ၊ ဦးစွာ ဆန်ထဲ မှာပါတဲ့ ဖုန်၊ သဲ တို့ကိုပြာထုတ်၍ ခဲ(ဂဲ) တို့ကိုလက်နဲ့ကောက်ယူပြီး အများဆုံး ၂-ကြိမ်ခန့်သာ ရေဖြင့် အသာအ ယာ ဆေးကြောပေးရပါမယ်။ ဆန်ကနေ ထမင်းဖြစ်လာအောင်ချက်တဲ့အခါ၊ ဆန်ထဲက ကာဗိုဟိုက်ဒရိတ် နဲပရိုတင်းအာဟာရတွေ လျော့မသွားပေ မယ့်၊ ဗီတာမင်အချို့လျော့သွားပါတယ်။ ဒါ့ပြင် ထမင်းရည်ဌဲ့ထုတ်ခြင်းက ဗီတာမင်ဘီဝမ်းများ ထပ်မံဆုံးရှုံးရပြန်တာကြောင့် ထမင်းရေခန်းသာ ချက်စားသင့်ပါတယ်။

အာဟာရဖြစ်စေတဲ့ ဆန်ကို တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း ချင့်ချိန်ပြီး စားသုံးသင့်ပါတယ်။ သတိပြုရမယ့် အချက်ကတော့ ထမင်းတွေ ကျန်တဲ့ အခါ ထပ်ခါ ထပ်ခါ နွှေးမစားမိစေဖို့ပါပဲ။ ၁-ကြိမ်လောက် ပြန်နွှေးစားခြင်းက ပြဿနာမရှိသော်လဲ၊ မကုန် နိုင်၍ ၁-ကြိမ်ထက်ပိုပြီး အပူပြန်နွှေးတဲ့အခါ ထမင်းထဲရှိ အာဟာရဓာတ် အားလုံး ဆုံးရှုံးသွားပါပြီ။

Ref: pyayhtaungsu newspaper & healthy tips