ဆီဆိုတာ နေ့စဉ် ကြော်လှော်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတို့အတွက် မရှိမဖြစ် အရေးပါလှပါတယ်။ ဆီလို့ ပြောလိုက်တာနဲ့ ဘာဆီလဲ နှမ်းဆီလား ပဲဆီလား ဟင်းရွက်ဆီလား စားအုန်းဆီလား စသည်ဖြင့် အမျိုးအစားစုံစွာ ဈေးကွက်ထဲမှာ ရှိနေပါတယ်။ အိမ်ထောင်စု တစ်ခုနဲ့တစ်ခု စားသုံးတဲ့ ဆီအမျိုးအစား မတူကြသလို ပမာဏလည်း မတူကြပါဘူး။

အပင်တွေ ဟင်းသီးဟင်းရွက်တွေကနေ အဆီကို ထုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် စားလို့ရတဲ့အဆီ ဟုတ်မဟုတ်တော့လိုပါတယ်။ အချို့အဆီတွေကတော့ စက်ဆီ၊ သင်္ဘောဆေး၊ အလှကုန်နဲ့ ဆေးဝါးတွေ အဖြစ် အသုံးပြုကြပါတယ်။ အပင်ကနေ အဆီထုတ်ယူလို့ ရနိုင်ကြောင်းကို နှစ်ပေါင်းများစွာ ကတည်းက လက်ခံ ကျင့်သုံးခဲ့ကြပါတယ်။

လူတွေ အစားများလှတဲ့ ဆီတွေကတော့ ပဲပုပ်ဆီ၊ အုန်းဆီ၊ မုန်ညှင်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ဝါစေ့ဆီ၊ ဖွဲနုဆီ၊ ပြောင်းဆီ၊ စားအုန်းဆီ၊ နှမ်းဆီနဲ့ မြေပဲဆီ တို့ပဲ ဖြစ်ပါတယ်။ အဆီတွေကို အုပ်စုနှစ်ခုခွဲကြည့်ရင် အသီးအနှံကနေ ရတဲ့ ဆီနဲ့ တိရစ္ဆာန်ကနေ ရတဲ့ အဆီဆိုပြီး နှစ်မျိုး ရှိပါတယ်။ တိရစ္ဆာန်ကနေ ရတဲ့ အဆီတွေကိုတော့ စားသုံးတာ နည်းပါတယ်။

လူရဲ့ ကိုယ်အတွက် အဆီဓာတ်၊ ကစီဓာတ်နဲ့ ပရိုတင်းဓာတ်ကို လိုအပ်ပါတယ်။ ဒီဓာတ်ပေါင်းတွေကနေ လူရဲ့ စွမ်းအင်ကို ရရှိစေတာပါ။ အဆီဓာတ်ကတော့ ကစီဓာတ်နဲ့ ပရိုတိန်းဓာတ်ထက် ကယ်လိုရီကို ပိုမိုပေးပါတယ်။ အချို့အဆီတွေဟာ ပျော်ဝင်နေတဲ့ ဗီတာမင်တွေကို အူကနေ စုပ်ယူနိုင်စွမ်း အတွက် စားသုံးဖို့ လိုအပ်ပါတယ်။ ဆီဟာ မရှိမဖြစ် ဆိုပေမယ့် ဆီစားသုံးမှု များပါက ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အသည်းနဲ့ နှလုံးကို အန္တာရာယ်ဖြစ်စေနိုင်ပါတယ်။

ကင်ဆာရောဂါတွေကို လက်ယပ်ခေါ်သလို ဖြစ်စေနိုင်တဲ့ အတွက် ဆီကို လိုအပ်တာထက် ပိုမို စားသုံးတာကို ရှောင်ရှားရပါမယ်။ F.D.A အဖွဲ့အစည်းကမူ အဆီစားသုံးလျှင် ကယ်လိုရီ နည်းနည်း (သို့) ပါဝင်မှု ၃၀% သာ စားသုံးသင့် သည်ဟု ထောက်ခံချက်ပေးကြသည်။ အခြား အာဟာရဓာတ်ပညာရှင်များက ညွှန်းရာတွင် လူ တစ်ယောက်အနေဖြင့် အဆီကရသည့် ကယ်လိုရီကို ၁၀% ထက်မပိုသင့်ဟု ဆိုထားပါတယ်။

Ref: foodindustry