မုန်ညင်းချဉ် ပြုလုပ်နည်း မျှဝေလိုက်ပါတယ်။ မုန်ညင်းချဉ် နှစ်မျိုး ရှိပါတယ်။ မုန်ညင်း တမျိုးတည်းနဲ့ လုပ်တာရယ် နောက်တမျိုးကတော့ မုန်လာဥ၊ ရေကြက်သွန်၊ ဂျူးမြစ်တို့လိုဟာတွေနဲ့လုပ်တဲ့ဟာပေါ့။ မုန်ညင်းချဉ်ကို ရှမ်းခေါက်ဆွဲတို့နဲ့ တွဲစားသလို သူ့ကြီးပဲသုတ်စား၊ ကြော်စား ကြပါတယ်။ ကျိုင်းတုံမှာဆိုရင် ခေါက်ဖွန်းသုတ်တွေထဲ မုန်ညင်းချဉ် အဖတ်တင်မက အရည်ကိုပါ အဓိကထည့်စားကြပါတယ်။ အလွယ်ဝယ်ယူနိုင်သူတွေက ဝယ်နိုင်ပေမဲ့ ဝယ်လို့မလွယ်တဲ့ သူတွေကတော့ ကိုယ်တိုင် ကြိုးစား လုပ်ကြည့် ကြတာပေါ့နော့်။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းစိမ်း – ၂ စည်း
  • မုန်လာဥကြီးကြီး – ၂လုံး
  • ဥနီ – ၃လုံး
  • ဂျူးမြစ် – ၂၀ သား
  • ဆား. – ၁ ဇွန်း (ထမင်းစားဇွန်း)
  • နနွင်းမှုန် – ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)
  • ငရုတ်ကြမ်းအစိမ်းမှုန့် – ၁ ဇွန်း( ထမင်းစားဇွန်း )
  • ကြံသကာ – အနည်းငယ်
  • ထမင်းရည် (သို့မဟုတ်) ဆန်မှုန့်ကျို – တစ်ခွက်

ပြုလုပ်နည်း

ပထမဆုံး မုန်ညှင်းတွေကို အပင်လိုက် သဲသန့်စင်အောင် ဆေးပြီး ရေစစ်ထားပြီး အနေတော် လှီးဖြတ်ပါ။ မုန်လာဥဖြူ ၊ မုန်လာဥနီ တွေကိုလည်း ရေဆေး အခွံခွါ ပြီး မိမိနှစ်သက် သလို ပါးပါးလှီးပါ။

ဂျူးမြစ်တွေကိုလည်း ၂လက်မ အရွယ်လေးတွေ လှီးဖြတ်ပြီး သန့်စင်အောင် ရေစေးပါ ။ (အတန်ငယ်နွမ်းခြာက်သွားဖို့အတွက် နေပူတစ်ရက်လောက်လှမ်းပေးရင်ပိုကောင်းပါတယ် ။)

ပြီးရင် သန့်စင်ခြောက်သွေ့တဲ့ စတီးဇလုံလို ဇလုံခပ်ကြီးကြီးမှာ အပေါ်က ပြင်ဆင်ထားတာ အားလုံးကိုထည့် ၊ (ဆီမထိဖို့အရေးကြီးပါတယ် ဆီထိပါက အသီးအရွက်များ ပုပ်သွား တတ်လို့ပါ ။)

ဆား နဲ့ နနွင်းကို လိုသလောက်ကို ဖြူးထည့်ကာ လက်နှင့် သေချာ ညိုးနွမ်း သွားအောင် ထိုးနယ် ပေးရပါမည်။ ပြီးရင် ထမင်းရည် (သို့မဟုတ်) ဆန်မှုန့်နှစ်ဇွန်းခန့်ကို အရည်ခပ် ကြဲကြဲ ဖျော်ထားတာကို အအေးခံပြီး ထည့်ပေးပြီး သမအောင် နယ်ပေးပါ။

အစပ် စားချင်သူများ ကတော့ ငရုတ်ကြမ်းမှုန့်၊ ကြံသကာတို့ပါ ထပ်ပေါင်းထည့်ပြီး သမအောင် ပြန်ရော နယ်ပေး ရပါမည် ။ နောက်ဆုံးမှာ သန့်စင်ခြောက်သွေ့သော ပုလင်း (သို့မဟုတ်) စဉ့်အိုးတွင် ထည့်ပြီး ပလပ်စတစ်အုပ် ၊ ကြိုးနဲ့စည်းပြီး အဖုံး လုံအောင် ပိတ်ကာ ပူနွေးသော နေရာတွင် ထားပါ ။ (မီးဖိုနားနီး (သို့မဟုတ်) နေပူတရက် လှန်းပေးပါ။)

ရာသီဥတု နှင့် အခန်း အပူချိန်ပေါ် မတည်ပြီး နှစ်ရက် ၊ သုံးရက် ထားလျှင် ရပါပြီ ။ ချဉ်ပြီ ဆိုပါက ရေခဲသေတ္တာထဲ ထည့်၍ ကြာရှည် စားသုံးနိုင်ပါပြီ ။

Credit: Kyainge Tong