မိုးကုတ်မြို့ တောင်ပေါ်မြို့လေးရဲ့ တစ်နှစ်ပတ်လုံး ရှိတတ်တဲ့ အစားအစာလေးပါ။  နေ့လည်ခင်း အစာပြေစားဖို့၊ သူငယ်ချင်းတွေနဲ့ အပျင်းပြေထွက်ပြီး စားလေ့ရှိကြတဲ့ မုန်ညှင်းပေါင်းပါ ။  မိုးအကုန် ဆောင်းအကူး ရာသီမှာ မုန်ညှင်းတွေ လှိုင်လှိုင်ပေါများချိန်( သို့) အဖူးအညွှန့်တွေ ထွက်ချိန်ဆို ပိုပြီးတော့ အရသာ ကောင်းမွန်ပါတယ် ။  ရောင်းတမ်းကတော့ တစ်စည်း စာလေးတွေကို နှီးနဲ့ ချည် ပြီး  ပေါင်းပေမယ့် အိမ်မှာ စားမယ် ဆိုရင်တော့ ဝါးနှီး မချည် ပဲလည်း ပေါင်းလို့ ရပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းစိမ်း အဖူးအညွှန့်  –  ၅ စည်း (နုသော အပိုင်းများကိုသာ ရွေးချယ် သန့်စင်ထားရန်)
  • ဆန်မှုန့်အစိမ်း  –  ၂၀ ကျပ်သား
  • ပဲမှုန့်အစိမ်း  –  အနည်းငယ်
  • မြေပဲစိမ်း  –  ၁၀ ကျပ်သား (အခွံကျွတ်ရုံ လှော်ပြီး လုံးချမ်းကွဲ ထောင်းထားရန် )
  • ရှမ်းပဲပုတ်  –  ၂ချပ် ( မီးကင်ပြီး မှုန့်နေအောင် ထောင်းရန်)
  • ချင်း+ကြက်သွန်ဖြူ  –  အနည်းငယ်( ရောပြီး ညှက်နေအောင် ထောင်းရန်)
  • ခရမ်းချဉ်သီး ၃ လုံး ( ပါးပါးလှီး – ထားရန်)
  • တွဲဖက်စားရန် – ကြက်သွန်ဖြူ  – ၁၅ တက် (မညှက်တညှက်ထောင်းပြီးဆီချက်သတ်ချက်ထားပါ)
  • တွဲဖက်စားရန် – ငရုတ်သီးခြောက်  –  လက်တစ်ဆုပ် (မီးအေးအေးနှင့် လှော်ပြီးထောင်း ၊ ထောင်းပြီး ရလာသော အမှုန့်ကို နှမ်းအနည်းငယ် ရောကာ အပေါ်မှ ဆီပူပူ လောင်းချပါ။)

ပြုလုပ်နည်း

  1. သန့်စင်ထားသော မုန်ညှင်းတွေကို ရေစင်အောင် ဆေးပြီး စစ်ထားပါ။ တစ်ယောက်စာ အစည်းလေး များ လုပ်လိုက ဝါးနှီးလေးနှင့် ချည်နှောင်ပါ။
  2. ဇလုံတစ်ခု အတွင်းတွင် ဆန်မှုန့် ၊ ပဲမှုန့်  ၊ ပဲပုပ်ထောင်း ၊ မြေပဲ ၊ ခရမ်းချဉ်သီး ၊ ဆား၊ ပာင်းခတ်မှုန့် အားလုံးနှင့် ရေကို(ပထမ) သင့်တော်ရုံ ထည့်ပြီး ရောနှယ်ပါ။
  3. မုန်ညှင်းစည်းများကို မုန့်နှစ်ရည်ထဲ ထည့်လူးကြည့်ပါ။ ပြည့်ဝစွာ မဖုံးအုပ်မိပါက ရေအနည်းငယ် ထပ်ဖြည့်ပါ။ ( မှတ်ချက် – တစ်ခါတရံ မုန်ညှင်း ရေစစ်တာမှာ ရေကျန်နေရင် မုန့်နှစ်ရည် ကျဲသွား တတ်သောကြောင့် ဖြစ်သည်။)
  4. မုန့်နှစ်ရည် ကောင်းမွန်စွာ လူးထားသော မုန်ညှင်း စည်းလေးများကို ပေါင်းချောင် အတွင်း သေချာစီ ထည့်ပါ ။  အငွေ့ ပြည့်ဝစွာ ရရှိရန် မုန်ညှင်းစည်းကြားတွေထဲမှာ အပေါက် ဖောက်ပေးပါ ။ အငွေ့လုံစေရန် အဖုံးကို သေချာစွာ ပိတ်ပြီး မိနစ်(၂၀) မှ ၂၅ မိနစ် အတွင်း ပေါင်းပါ။
  5. သတိပြုရန် ပေါင်းတဲ့ နည်းလမ်းမှာ အငွေ့ကောင်းမွန်စွာ ရဖို့ ပေါင်းအိုး အတွင်း အငွေ့လုံနေဖို့ အထူး အရေးကြီး ပါသည်။ ရလာသော မုန်ညှင်းပေါင်း စည်းလေးများကို ကပ်ကြေးနဲ့ ညှပ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက် နှစ်သက်ရာ အကြော်စုံတို့နဲ့ တွဲဖက် စားသုံးနိူင်ပါသည်။

Credit: Original Uploader