” အချဉ်မပါရင် ထမင်းစားမကောင်းဘူးဆို”  အန္တရာယ်လည်းကင်း .. သန့်လည်းသန့်ရှင်း.. စားလိုက်ရင် တကြွပ်ကြွပ်လေးနဲ့ စားလို့ ဝါးလို အရမ်းကောင်းတဲ့ အချဉ်တည် နည်းလေးပါ ။  ဒီနည်းက ခက်လည်း မခက်ခဲ ၊အချိန်လည်း ကြာကြာမလိုဘဲ တစ်ညလောက်နဲ့ စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥဖြူ
  • မုန်လာဥနီ
  • ငရုပ်သီး
  • ရှာလကာရည် (ဗနီကာ) ဇွန်းကြီး၅ဇွန်း
  • ဆား
  • သကြားအနည်းငယ်

ပြုလုပ်နည်း

  1. အချဉ်တည်မယ့် မုန်လာဥဖြူကို မထူမပါး (သို့) နှစ်သက်သလို လှီးထားပါ။ပုံပါအတိုင်း မုန်လာဥဖြူ၊ မုန်လာဥနီကို ပေါင်း တည်လို့ရသလို၊ သီးသန့်လုပ်လည်း ရပါတယ်။ အချဉ်တည်တဲ့ နှုန်းအပေါ်လိုက်ပြီး ငရုပ်သီးကို မှန်းဆ ထည့်ပါ။ (အရသာ ပိုကောင်းပါတယ်)
  2. လှီးထားတဲ့ မုန်လာဥ အဖြူအနီ၊ ငရုပ်သီးတို့ကို ဖန်ပုလင်းတစ်ခုထဲ ထည့်ပါတယ်။ ရေကျက်အေး ( သို့မဟုတ် ရေသန့်ကို) ပုလင်းဆန့်မည် ထင်သလောက်ထဲကို ရှာလကာရည် (ဗနီကာ) ဇွန်းကြီး၅ဇွန်းလောက်၊ ဆား၊ သကြားအနည်းငယ်၊( ပျားရည်ရှိရင်လည်း ထည့်နိုင်ပါတယ်၊ ) စတာတွေကို ရောမွှေပြီး ပုလင်းထဲ ထည့်ပါတယ်။  နယ်စရာ မလိုပါဘူး။   မုန်လာဥ၊ ငရုပ်သီးတွေကို ပုလင်းထဲ အရင်ထည့်ပြီးမှ အရည်တွေကို လောင်းထည့် လိုက်ရုံပါပဲ။
  3. ပုလင်းကို လုံအောင် ပိတ်ပါ။ ပလတ်စတစ်နဲ့ပါ ပိတ်တာကတော့ ပုလင်းအဖုံးက သံဖြစ်တဲ့အတွက် အချဉ်နဲ့တွေ့ပြီး သံချေး မကိုက်အောင်ရယ် ၊ လေလုံအောင်ရယ်ပါ ။
  4. အဲဒီလို လုပ်ပြီးတာနဲ့ ရေခဲသေတ္တာထဲ တစ်ညလောက် ထည့်ထားရုံနဲ့ မနက်ဆို ကြွပ်ရွပြီး အရသာလည်း ကောင်းလှတဲ့ မုန်လာဥချဉ်ကို ရပါတယ်။

ခေါက်ဆွဲနဲ့စားစား၊ ထမင်းနဲ့စားစား၊ ဒီအတိုင်းပဲ စားစား အလွန်စားကောင်းပါတယ်။ ပုံပါ  မုန်လာချဉ် ၂ညစိမ်ထားတဲ့ မုန်လာချဉ်ပါ။ မနေ့က ကျန်နေသေးတာ ပုလင်းထဲ ဒီတိုင်းထားပြီး ဒီနေ့ ဆက်စားပါတယ်။ ဒီနေ့ထိလဲ လတ်ဆတ်နေတာပါပဲ။ အရသာကတော့ ချို၊ ချဉ်၊ ငံ၊ စပ်ပါ။ ဝါးလိုက်ရင်လည်း တကယ်ကို ကြွပ်ဆတ်နေတဲ့ အရသာကို ခံစားရပါတယ်။

Credit: Cuisine & Photos – အစိမ်းရောင်လွင်ပြင်

Contributed by Lily (Yangon Life)