ပဲ - Beans | အပေါင်း - Steamed | မြန်မာမုန့်များ - Myanmar Desserts

မုန့်ဗိုင်းတောင့် နှင့် ပဲမုန့်

August 6, 2016

မုန့်ဗိုင်းတောင့် နှင့် ပဲမုန့်

Share this on:

ဒီမုန့်ဗိုင်းတောင့် နှင့် ပဲမုန့်ကို Facebook မှတစ်ဆင့် ခင်မင်ခွင့်ရခဲ့တဲ့ မနှင်းဝတ်မှုံ (Hnin Wuthmom) ရဲ့ နည်းလေးအတိုင်း လုပ်ထားတာဖြစ်ပါတယ် ။ ဒီနည်းလေးကို အသုံးပြုခွင့် ပေးတဲ့အတွက် မဝတ်မှုံကို ကျေးဇူးအများကြီး တင်ပါတယ်ရှင် ။

မုန့်ဗိုင်းတောင့် ၂

ပါဝင်ပစ္စည်းများ

  • ဆန်အစိမ်းမှုန့် (Rice Flour) – ၁ ၁/၄ ခွက် (၃၁၀ ml)
  • ရေ – ၁/၂ ခွက် (၁၂၅ ml)
  • ထုံး (White Lime Stone) – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့် (ရေ ၂၀၀၀ ml ထဲ ထည့်ကာ ပျော်အောင်ဖျော်ထားပါ)
  • မပြုတ်ရသေးသော ပဲလွမ်း (Kidney Bean) – ၁/၃ ခွက် (၈၀ ml) (ပြုတ်ပြီးနောက် ၂/၃ ခွက်ခန့်)
  • ဆီ – ထမင်းစားဇွန်း ၁ ဇွန်း (မုန့်ညက်လုံး ပြုတ်ပြီးနောက် ထည့်နယ်ရန်)
  • ဆား
  • ပဲပြုတ်
  • နှမ်းဖြူလှော်ထောင်း
  • မြေပဲဆီ
  • ခြစ်ထားသော အုန်းသီး (ထည့်လိုက ထည့်နိုင်ပါတယ်)

ပြုလုပ်နည်း

  1. ပဲလွမ်းကို တစ်ညအိပ် ရေစိမ်ပြီး နူးအိနေအောင် ပြုတ်ထားပါ ။ Ready Made ပြုတ်ပြီးသား ဗူးကို သုံးပါက ပိုနူးညံ့ပါတယ် ။
  2. ဆန်မှုန့်ထဲ ရေကို နည်းနည်းချင်းစီ ထည့်ပြီး သေသေချာချာ နှံ့ပြီး မုန့်သား ညက်သွားအောင် နယ်ပေးပါ ။ လိုအပ်လျှင် ရေအတိုး ၊ အလျှော့ အနည်းငယ် လုပ်ပေးပါ ။
  3. ဖျော်ထားသော ထုံးရည် (၂၀၀၀ ml)ကို အနည်ထိုင်နေသည့် ထုံးများ မပါအောင် အိုးထဲ လောင်းထည့်ပြီး ပွက်ပွက်ဆူလာအောင် ကျိုထားပါ ။
  4. မုန့်ညက်လုံး ထည့်ပြုတ်လျှင် ရေပေါ် မပေါ်နေစေရန် သေးသည့် အိုးကို သုံးပေးပါ ။
  5. ပွက်ပွက် ဆူလာလျှင် နယ်ထားသော မုန့်ညက်လုံးကို ထည့်ပြီး ၇ မိနစ်ခန့် အိုးအဖုံး ဖွင့်ပြီး ပြုတ်ပေးပါ ။
  6. မုန့်သားများ ညီညီညာညာ ကျက်စေရန် အထက်အောက် လှန်ပေးပါ ။
  7. ပြုတ်ပြီးနောက် မုန့်ညက် အပေါ်ယံသားလေး ပြောင်ပြောင်ချောချောလေး ဖြစ်ကာ မုန့်ညက်လုံး အတွင်းသား တစ်ဝက်ခန့် ကျက်လျှင် ဆယ်ထုတ်ပြီး အနည်းငယ် အအေးခံထားပါ ။
  8. ခပ်နွေးနွေး အနေအထားဖြစ်လျှင် လက်ဖြင့် နယ်ခြေပါ ။ မုန့်ညက်လုံးကို နယ်ချေလိုက်ပါက အတွင်းသား တစ်ဝက်ခန့် မကျက်သေးတာကို တွေ့ရပါမယ် ။
  9. ထိုချေထားသော မုန့်သားထဲ ဆီ ထမင်းစားဇွန်း ၁ ဇွန်း ထည့်ကာ ၁၀ မိနစ်ခန့် (သို့) မုန့်သား နှံ့ပြီးကြေညက် စေးပိုင်လာသည် အထိ ဂျုံနယ်သလို သေသေချာချာ ဖိချေ နယ်ပေးပါ ။
  10. မုန့်သားများ နှံ့ပြီး ညက်လာလျှင် ပဲမုန့်အတွက် မုန့်သား ၃ ပုံ ၁ ပုံကို ခွဲထုတ်ကာ ဆား (အနည်းငယ်) ၊ ပဲလွန်းတို့ဖြင့် ရော၍ ပဲများကြေပြီး နှံ့သွားအောင် သေချာရောနယ်ကာ လက်မ (သို့) လက်သန်း အရွယ် ပဲဆုပ်လေးများဆုပ်ပြီး ပိတ်ပါးစ ခံထားသည့် ပေါင်းမည့်အိုးထဲ ထည့်ပါ ။
  11. ကျန်သည့် မုန့်သား ၃ ပုံ ၂ ပုံကို မုန့်ဗိုင်းတောင့် လေးများလို လှိမ့်ပြီး ပဲမုန့် ထည့်ထားသည့် ပေါင်းအိုးထဲ ထည့်ပါ ။
  12. ပွက်ပွက် ဆူနေသော ရေနွေးအိုးပေါ် ပေါင်းမည့် အိုးကို တင်ပြီး အဖုံး လုံအောင်ဖုံးကာ High Heat ဖြင့် မိနစ် ၂၀ နှင့် ၂၅ မိနစ် ကြားပေါင်းပေးပါ ။
  13. မုန့်သားများ ကြည်ပြီး အိအိလေး ဖြစ်လာလျှင် မုန့်ကျက်ပြီမို့ မီးဖိုမှချကာ ပဲပြုတ် ၊ ဆား ၊ နှမ်းဖြူလှော်ထောင်း ၊ မြေပဲဆီ ၊ ခြစ်ထားသော အုန်းသီး တို့ဖြင့် နယ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ ။
Credit: Chaw Su's Food Friends

Review

User Rating

4 (1 Votes)