မြန်မာလူမျိုးတို့ရဲ့ လူကြိုက် အများဆုံး အစားအစာ တစ်ခုကို ပြောပါဆိုရင် မုန့်ဟင်းခါးကိုပဲ ပြေးမြင်မိကြပါလိမ့်မယ်။ မုန့်ဟင်းခါးဟာ လူတိုင်းနီးပါး စားသုံးကြပြီး မနက်စာ အဖြစ် ခုံမင်စွာ စားသုံးတတ်ကြသလို နေ့လည်ပိုင်း ညနေပိုင်းတွေမှာလဲ သရေစာမုန့် အဖြစ် စားသုံးကြတာကို တွေ့ရပါတယ်။ အလှူနဲ့ မင်္ဂလာဆောင်တွေက အစပြုလို့ နာရေးတွေ အထိပါ ဧည့်ခံ ကျွေးမွေးတဲ့ အစားအစာ တစ်ခု အဖြစ်လည်း ဖြစ်ပါတယ်။( ရန်ကုန်မှာတော့ နာရေးတွေမှာပဲ ကျွေးလေ့ရှိပေမယ့် တချို့နယ်ဘက်တွေမှာတော့ အလှူနဲ့ မင်္ဂလာဆောင်တွေမှာပါ ကျွေးကြလေ့ ရှိပါတယ်)

1

Photo Credit: Makinglittlecircle

မုန့်ဟင်းခါးလို့ ပြောလိုက်တာနဲ့ ဒေသကို လိုက်ပြီး မုန့်ဟင်းရည် ပုံစံက ကွဲပြားသွားတာကို တွေ့ကြရမှာပါ။ ဒါပေမယ့် အဓိကထည့်ပြီး ချက်တဲ့ အမည်တစ်မျိုးကတော့ “ငါး” ပါပဲ။ ငါးကို အဓိကထား ချက်ပြုတ်တာကြောင့် ကုန်ကျစရိတ် သက်သာပြီး နေရာမရွေး ချက်ပြုတ်ဖို့ လွယ်ကူတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ ဒေသကို လိုက်ပြီး ချက်တဲ့ နေရာမှာ ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာဆိုရင် ဟင်းရည် အကျဲ ပုံစံမျိုး တွေ့ရပြီး မြေလတ်ပိုင်းနဲ့ အထက်အညာဒေသတွေမှာတော့ ဟင်းရစ် အပျစ်လို ပုံစံမျိုးနဲ့ စားကြပါတယ်။

3

 

မုန့်ဟင်းခါး ဟင်းရည် ချက်ရာမှာ အဓိက ပါဝင်တာတွေကတော့

၁။ ငါး (ငါးခူ၊ ငါးမြစ်ကြင်း၊ ငါးကျည်း)

၂။ ကြက်သွန်နီ (ဆီသတ်ရန်နဲ့ အလုံးလိုက်ထည့်ရန်)

၃။ ကြက်သွန်ဖြူ (အနံ့မွှေးမယ့် ရှမ်းကြက်သွန်ဖြူ (သို့) ဥတစ်လုံး)

၄။ ဂျင်း

၅။ စပါးလင်

၆။ ပဲမှုန့်စိမ်း (သို့) ပဲကြတ်မှုန့်)

၇။ ဆီ

၈။ ငရုတ်သီး အနုမှုန့်( ဆီသတ်ရန် အရောင်လှတာ သုံးပါ)

၉။ ငရုတ်ကောင်း

၁၀။ နနွင်းမှုန့်

၁၁။ ငံပြာရည် (အချိုအတွက် ငံပြာရည်ကောင်းကောင်းကို အသုံးပြုပါ။)

၁၂။ ဆား

၁၃။ ငှက်ပျောအူ (ငှက်ပျောအူကို ထည့်တဲ့အခါ မဲ မသွားစေရန် လှီးပြီး နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ရေစိမ်ထားပါ)

၁၄။ အချိုမှုန့် (အချိုမှုန့် မသုံးချင်သူတွေ အတွက်ကတော့ ငါး လတ်လတ်ဆတ်ဆတ်သုံးပြီး ငံပြာရည်ကောင်းကောင်းသုံးပေးပါ)

2

Photo Credit: Thuriya

 

မုန့်ဟင်းခါး တစ်ပွဲကောင်းဖို့ ဆိုတာ ဟင်းရည်ချက်ရာမှာလည်း ကောင်းဖို့ လိုသလို သူနဲ့ တွဲဖက်စားသောက်တဲ့ မိတ်ဖက် ပစ္စည်းတွေကလည်း ကောင်းဖို့ လိုပါသေးတယ်။ အဓိကကတော့ မုန့်ဖတ်ပါ။ ဆန်ကို အချဉ်ဖောက်ထားတဲ့ မုန့်ဖတ်နဲ့ ညှပ်ခေါက်ဆွဲဖတ်တို့ကို မုန့်ဟင်းရည်နဲ့ တွဲစားနိုင်ပြီး ပဲကြော်၊ ဘူးသီးကြောင်း၊ ကြက်သွန်ကြော်၊ ငါးဖယ်ကြော်၊ ဘဲဥ၊ အိုးဘဲဥ၊ အီကြာကွေး၊ မန်းပဲကြော်၊ ဆကာကြီးပဲကြော်၊ ငါးသလောက်ဥနဲ့ ပဲသွေးတို့ကို ကြိုက်နှစ်သက်ရာ ထည့်ပြီး စားနိုင်ပါတယ်။ ငရုတ်သီး အလှော်မုန့်လေးနဲ့ နံနံပင်လေးကို ထည့်စား လိုက်ရင်ဖြင့် မုန့်ဟင်းခါးနံ့ ဆိုတဲ့ ဖော်မပြတတ်တဲ့ ခံစားမှုမျိုးကို ခံစား မိလာနိုင်ပါတယ်။ တချို့နေရာတွေမှာတော့ နံနံပင် အစား ကြက်သွန်မြိတ်၊ ပူစီနံ၊ ပဲသီး၊ ဂေါ်ဖီ၊ ပဲပင်ပေါက် တို့ကိုလည်း ထည့်ပြီး စားတတ်ကြပါတယ်။ အနံ့လေး ပိုမွှေးချင်ရင်တော့ ကြက်သွန်ဖြူ ဆီချက်လေး စမ်းပြီး စားနိုင်ပါတယ်။

Credit: Nectar