မျှစ်ချင်းဆိုတာ မိုးရာသီနဲ့ မိုးအကုန် ဆောင်းအကူး အချိန်တွေမှာသာ ပေါ်တဲ့ ကချင်ပြည်နယ်ရဲ့ ဒေသ အစားအစာ တစ်မျိုးပါ။ အချို့ကတော့ ဝါးချင်း လို့လည်း ခေါ်ကြပါတယ်။ မျှစ်ချင်း(ခ) ဝါးချင်းလို့ ခေါ်ရတဲ့ အကြောင်းကတော့ ဝါးပင်တွေရဲ့ ပင်စည်ပေါ်မှာ ပေါက်လာတတ်တဲ့ ရေညှိတစ်မျိုးမို့ မျှစ်ချင်း (ခ) ဝါးချင်း လို့ ခေါ်ကြပါတယ်။

ပုံသဏ္ဍာန်ကတော့ ပင်လယ်ကျောက်ခက် သေးသေးလေးတွေနဲ့တူပြီး တုန်တုန်အိအိလေးမို့ ဂျယ်လီနဲ့ ဆင်ပါတယ်။ မျှစ်ချင်းကို အသုပ်၊ ဟင်းချို အဖြစ်လည်း ချက်စားကြပါတယ်။ ရှမ်းပြည်ရဲ့ ဒေသအချို့တွင် မျှစ်ချင်းကို စားကြပါတယ်။

ပါဝင်ပစ္စည်း

  • မျှစ်ချင်း (ခ) ဝါးချင်း
  • ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း
  • ဆား၊ ပုဇွန်ခြောက်
  • ငံပြာရည်(သို့) ငပိ
  • နံနံပင်၊ သံပုရာသီး

ပြုလုပ်နည်း

မျှစ်ချင်းကို မစားခင် အထပ်ထပ် ရေနှင့် ဆေးကြောဖို့လိုပါတယ်။ ရေစင်အောင် ဆေးပြီး ရေဆူဆူနဲ့ ခဏလောက် စိမ်ပေးထားပါ။

ပြီးလျှင် ရေအေးနဲ့ ထပ်ဆေး၍ ရေစစ်ထားပါ။

ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ပါးပါးလှီး၍ ငရုပ်သီးစိမ်း၊ ဆား၊ ပုဇွန်ခြောက်ထောင်း၊ ငံပြာရည်(သို့) ငပိထည့်လိုက ထည့်၍ မျှစ်ချင်းကို ရောပြီး နံနံပင်၊ သံပုရာသီးလေး ထည့်နယ်လိုက်ရင် ချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ မျှစ်ချင်းချဉ်စပ်သုပ်ကို သုံးဆောင်လို့ ရပါပြီ။

Credit: အစိမ်းရောင်လွင်ပြင်