မွန်ရိုးရာ သင်္ကြန် ထမင်းချက်နည်း‬

Share this on:

‪နွေရာသီ ပူပြင်းတဲ့ ရာသီဥတု ဒဏ်ခံနိုင်ရန် ရင်ထဲ အေးစေမဲ့ မွန်တို့ရိုးရာ ဒေသအစားအစာ (ချက်နည်း မေးနေသူများ အတွက်ပါ။)

ပါဝင်ပစ္စည်းများ

  • ဆန်
  • ဖယောင်းတိုင်
  • မြေအိုး
  • မီးသွေး
  • ငါးခြောက်
  • ပုဇွန်ခြောက်
  • နနွင်းအနည်းငယ်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • သရက်သီးစိမ်း
  • ဆားအနည်းငယ်
  • နှမ်းနက်
  • စိမ်းစားငါးပိ
  • ပဲမှုန့် အကျက်
  • ငရုတ်ခြောက်အနီကြော်
  • ဆီ

ပြုလုပ်နည်း

I.  သင်္ကြန် ထမင်း

သင်္ကြန် ထမင်းေ2016-04-02 at 10.29.38 am

  1. ဆန်ကို ဆန်ပြုတ် ပြုတ်သလို ဆန်လုံးကွဲပြီး နူးအိလာအောင် ပြုတ်ပါ ။   သင်္ကြန်ထမင်းဆိုတာ လျာပေါ်တင်ပြီး အာခေါင်လေးနဲ့ဖိလိုက်တာနဲ့ နုးအိနေရပါမယ်။
  2. ဆန်လုံးတွေ နူးအိသွားပြီဆို ထမင်းတွေကို ဇကာနဲ့ရေစစ်ပါ ။   ထမင်းကို စေးနေတာတွေ ကုန်အောင် ရေအေးနဲ့ ထပ်ခါ ထပ်ခါ လောင်းပြီး ဇကာကို လှုပ်ကာ ရေစစ်ပေးပါ ။ (သောက်ရေအဆင့်ရှိ ရေသန့်ဖြင့်)
  3. ငှက်ပျော်ဖက်ခင်း တောင်းကြီးသန့်သန့်တွေနဲ့ ရေစစ်အောင် ပြုလုပ်နိုင်တယ် ။ (ရပ်ကွက်အတွင်း အများသူငှာ ကျွေးမွေး ဧည့်ခံရန်)ရေစစ်အောင်ပြုလုပ်ပြီး ရေခဲသေတ္တာထဲ အအေးငွေ့ပေးထားပါ။

II. ဖယောင်းသင်း

  1. ကြွေပန်းကန်ပြား တစ်ချပ်ပေါ်မှာ မီးစွဲနေတဲ့ မီးသွေး ၃-၄ ခဲတင်ပါ ။  ဖယောင်းတိုင်ကို ဓါးပါးလေးနဲ့ ခြစ်ပြီး ဖယောင်းဖတ်လေးများ ခြစ်ယူပါ။ဖယောင်းဖတ်များကို မီးသွေးခဲပေါ် အုံလိုက်ပါ ။
  2. ဖယောင်းငွေ့များ လှိုင်လှိုင်ထွက်လာပါက ခြောက်သွေ့သော အိုးတစ်လုံးကို မီးသွေး ပန်းကန်ပြား ပေါ်မှာ မှောက်အုပ်ပြီး ဖယောင်းငွေ့များ စုယူပါ။
  3. လုံလောက်တဲ့ ဖယောင်းငွေ့ ရပြီဆို အိုးကို လှန်ပြီး ရေဆွတ်ထားတဲ့ အဝတ်ပါးနဲ့ အိုးမျက်နှာဝကို လုံအောင် ချက်ချင်းအုပ်ပါ ။
  4. အဝတ်ပါးပေါ်မှ အိုးထဲသို့ သောက်ရေကိုလောင်းချပြီး အိုးအဖုံးအုပ် ထားလိုက်ပါ ။
  5. ဖယောင်းနံ့ သင်းတဲ့  ရေကို ရပါမယ် ။  ဖယောင်းရေကို ပုလင်းနဲ့ထည့်ထားပြီး လိုသလို ရေထပ်ရော ပွါးသုံးလို့ ရပါတယ် ။               သင်္ကြန်ထမင်းရဲ့ အဓိက အနံ့အရသာနဲ့ အာနိသင်ကဖယောင်းရေပါပဲ ။

III. ငါးခြောက်ထောင်းကြော်

ငါးခြောက်ထောင်းကြော်2016-04-02 at 10.30.08 am

  1. ငါးခြောက် (အကောင်းဆုံးက ငါးကွမ်းရှပ်ပါ) ကိုပြုတ် အရိုးထွင်ပါ ။  ပြုတ်ထားတဲ့ ငါးခြောက်ကို ပွလာအောင် ဆုံနဲ့ထောင်းပါ ။
  2. ပုဇွန်ခြောက်ထောင်းပါ ။  ငါးခြောက်ထောင်း နဲ့ ပုဇွန်ခြောက်ထောင်းကို သမအောင် ရောဖွလိုက်ပါ ။  အရသာ ပိုကောင်း ပါတယ် ။
  3. ဒယ်အိုးထဲ ဆီထည့် နနွင်းအနည်းငယ် ထည့်ပြီး ငါးခြောက်နဲ့ ပုဇွန်ခြောက်ထောင်း အရောကို မီးအေးအေးနဲ့ ကြွပ်လာတဲ့ အထိကြော်ပါ ။ပြီးရင် အအေးခံ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ အကြွပ်ကြော် နဲ့ ငါးခြောက်ထောင်းကြော် ရောစပ်လိုက်ပါ ။  အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ငါးခြောက်ထောင်းကြော်ကို ရပါမယ် ။

IV. သရက်သီးစိမ်းသုတ်

သရက်သီးစိမ်းသုတ် 10.28.50 am

  1. သရက်သီး စိမ်းကို ဆားအနည်းငယ် ထည့်ထားတဲ့ ရေထဲကို ခြစ်ချပါ ။ သရက်သီးကို ဒီအတိုင်း ခြစ်ရင် လေနဲ့ထိပြီး အစေးက အရောင်ပြောင်း ပါတယ် ။   မလှပါဘူး။
  2. ကြက်သွန်နီ ပါးပါးလှီး ၊ ပုဇွန်ခြောက်ထောင်း ၊ နှမ်းနက်၊ စိမ်းစားငါးပိ(မျှင်ငါးပိ)ကို ဆီပူလေးနဲ့ လှိမ့်ထားပါ ။
  3. ကြက်သွန်နီ ဆီချက် ၊ ပဲမှုန့် အကျက် အနည်းငယ် ၊ ဆား အနည်းငယ် ၊  ဟင်းခတ်မှုန့် အနည်းငယ် ၊ သရက်သီးစိမ်း ခြစ်ထားတာကို ရေစင်အောင် ညှစ်ပြီး အထက်ပါ အဆာ ပလာများနဲ့ ရောနယ်ပြီးသုတ်ပါ။
  4. အလွန်မွှေးကြိုင်အရသာရှိလှသော သရက်သီးစိမ်းသုတ်ကိုရပါမယ်။

V. သရက်သီးစိမ်း ငါးခြောက်ထောင်းကြော် (သို့မဟုတ်) သင်္ကြန်ကြော်

  1. သရက်သီးစိမ်းကိုခြစ်ပါ ။ ( အထက်ကပြောထားသလို)
  2. ငါးခြောက်ပြုတ်ပြီး ပွလာအောင် ထောင်းပါ ။ (အထက်ကအတိုင်း)
  3. ငါးခြောက်ထောင်း နဲ့ ပုဇွန်ခြောက်ထောင်း ရောဖွ ထားပါ ။  ကြက်သွန်နီ အခွံခွါ ၄စိပ်စိပ် ထားပါ ။ (ကိုယ်ထည့်ချင်သလောက်ပေါ့)        ဒယ်အိုးထဲ ဆီထည့် ၊ နံနွင်း အနည်းငယ်ထည့် ဆီပူလာရင် ကြက်သွန်နီ တစ်လုံးလောက် ပါးပါးလှီး ထားတာကို ထည့်ပါ ။                                                                                                စိမ်းစားငါးပိ အနည်းငယ် ထည့်ပြီး ဆီသတ်ပါ ။  (စိမ်းစား ငါးပိကို ရေ နဲ့ ဖျော် မထည့်ပါနဲ့ ၊ အနံ့ပျက်ပါတယ် ။  ဆီသတ် ထည့်တာ အနံ့ အရသာ ပိုကောင်းပါတယ် ။)
  4. ဆီသတ် ပြီးတာနဲ့ သရက်သီး ခြစ်ထားတာကို ရေစင်အောင် ညှစ်ပြီး ထည့်ပါ ။  ဆီနဲ့ ခဏလှိမ့်ကြော်ပါ ။  ပြီးရင် ရေစပ်စပ် ထည့်ပြီး ဆက်ကြော်ပါ ။ ( ရေများများ မထည့်ပါနဲ့ ။ အကြော် ပျက်စီး သွားပါမယ်။ )
  5. ရေခန်းလာတာ ၃ ပုံ ၁ပုံ ဖြစ်ပြီဆို ငါးခြောက် ၊ ပုဇွန်ခြောက်ထောင်း အရောကိုထည့်ပါ ။ ဆက်ကြော်ပါ ။
  6. ရေခန်းတာ ကုန်ခါနီးမှာ ကြက်သွန်နီ ၄ စိပ်ခွဲထားတာထည့်ပြီး  မီးလျော့ ဆက်ကြော်ပါ ။
  7. ဆီပြန်လာပြီး ကြက်သွန်နီ အစိပ်လေးတွေ ကျက်လာပြီဆိုလျင် အရောင် ကြည်လင် လာပါမယ် ။  ( တအားနွမ်းအောင် မကြော်ပါနဲ့  ။  အရသာ ပေါ့သွား ပါမယ် ။)
  8. ကြော်နေစဉ်မှာ ဆား ၊ ဟင်းခတ်မှုန့့် လိုသလိုထည့်ပါ။ (ကြက်သားမှုန့် မသုံးပါနဲ့ အရသာ ပျက်ပါမယ် ။) ကိုယ်လိုချင်တဲ့ အနေအထား ရောက်ပြီဆို ဖိုပေါ်ကချ နှမ်းနက်လေးဖြူး သမအောင် မွှေပေးပါ ။
  9. အရသာရှိပြီး သိပ်မွှေးတဲ့ သရက်သီးစိမ်း ငါးခြောက်ထောင်း ကြော်ပါ။ (မွန်လူမျိုးတွေကတော့ သင်္ကြန်ကြော်လို့ ခေါ်ပါတယ်)

VI. ပြင်ဆင်စားသောက်နည်း

သင်္ကြန်ထမင်း2016-03-31 at 12.51.58 pm

  1. ငရုပ်သီးခြောက်ကို အတောင့်လိုက် အတိုင်း ကြွပ်အောင်ကြော် ၊အအေးခံပါ ။
  2. ရေခဲသေတ္တာထဲ အအေးငွေ့ ပေးထားတဲ့ ထမင်းပြုတ်ကို ပန်းကန်ထဲ ထည့် ၊ ဖယောင်း သင်းရည် ထမင်း မြုပ်ရုံထည့်ပါ ငါးခြောက်ထောင်း ကြော် ၊ သရက်သီးစိမ်းသုတ် ၊ သင်္ကြန်ကြော် ၊ ငရုတ်သီးတောင့်ကြော် ၊ ပဲကြော် တို့နဲ့ တွဲဖက် စားသုံးပါက အနံ့ အရသာ နှင့်ြ ပည့်စုံသော အပူဒဏ် ခံနိုင်တဲ့ မွန်ရိုးရာ သင်္ကြန်ထမင်းကို အမြဲ သတိတရ ဖြစ်နေကြမှာပါ။
  3. ထမင်းစားပြီးပါက ပန်းကန်ထဲမှာ ကျန်နေသော ရေကို သောက်ပါရှင် အလွန်ကိုပဲ ရင်ထဲ အေးစေပါတယ်။

*** မော်လမြိုင်သူစစ်စစ် အိမ်မှာ ချက်တဲ့ေ့ရှေးနည်း အတိုင်း ရေးထားပေးပါသည် ။

 

Credit:  မော်လမြိုင်သူ She She

Photo Credit: Thuzar Wai & Kaw Swe

Review

User Rating

5 (1 Votes)