အမေ အလွမ်းပြေလေးပေ့ါ ။   သရက်သီးပေါ်ချိန် ဆိုတော့ ဒီနေ့ အိမ်မှာ နေရင်း ထောင်းစားလိုက်တယ် ။   ရာသီစာတွေကို အမြဲ ချက်ပေးတဲ့ အမေကိုလည်း သတိရမိတယ် ။   အမေ့လက်ရာတော့ မမှီပါဘူး ။  အခုထောင်းတဲ့ နည်းက အဖေ့ အကြိုက် ၊ အမေနဲ့ သမီးများကတော့ ပုဖွန်ခြောက် နဲ့ ကြက်သွန်ဖြူ မပါဘဲ ချဉ်ချဉ်စပ်စပ် သရက်သီးထောင်းကို ပိုကြိုက်ပါတယ် ။ သရက်သီးထောင်းကို ငါးနီတူ မီးကင်လေးနဲ့ ငါးနီတူခေါင်းချိုးပြီးပြုတ်ထားတဲ့ ဟင်းရည်ထဲမှာ ယာအပြန် လမ်းကချိုးလာတဲ့ အရွက်လေးတွေကို ခပ်ပြီး ထမင်းပူပူလေးနဲ့ ကျွေးခဲ့တဲ့ အမေ့ရဲ့ စေတနာ ၊ လက်ရာလေးတွေကို ဘယ်တော့မှလည်း မမေ့ပါဘူး ။  အလုပ်ပင်ပန်းပြီး ပြန်လာတဲ့ အဖေနဲ့ သားသမီးတွေကို ရှိတာလေးနဲ့ ကောင်းအောင် လုပ်ကျွေးတတ်တဲ့ အမေ့ရဲ့ ထမင်းဝိုင်းလေးကို ဘယ်အစာအစားများနှင့်မှ ယှဉ်ရျ် မရပါ ။  ကဲ… သရက်သီးတွေလည်းပေါ်ချိန် ဆိုတော့ ထောင်းစားကြည့်လိုက်ပါအုံးနော်။

ပါဝင်ပစ္စည်း

သရက်သီး အလုံးကြီး – ၁ လုံး

ငရုတ်သီးစိမ်း – ၃၀ တောင့်ခန့်

ကြက်သွန်ဖြူ အမွှာကြီး – ၉ မွှာ

ငပိကင် – ၅ ကျပ်သား ခန့်

ပုဇွန်ခြောက်မှုန့် – ၂ ဇွန်း (လဖက်ရည်ဇွန်း)

ငရုတ်ကောင်းစေ့ – အနည်းငယ်

ပြုလုပ်နည်း

သရက်သီးကို အခွံခွာပြီး ရေဆေးပြီး ဓါးနဲ့ ပေါက်ပါ။

ဒယ်အိုး ထဲတွင် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့ တို့ကို လှော်ပါ။

ငပိကို မိုက်ခရိုဝေ့ထဲတွင် မိနစ်ဝက်ခန့်ထည့်၍ ကင်ပါ။

ပြီးလျင် ပါဝင်ပစ္စည်း အားလုံးကို ရော၍ ထောင်းပါ။

အားလုံး နှံ့စပ်၊ ကြေညက်သည်အထိ ထောင်းပါ။ သရက်သီး အဖတ်လေးများကိုတော့ ကြေညက်သည်အထိ ထောင်းရန်မလိုပါ။

အပေါ့ အငံ အစပ်ကို မိမိနှစ်သက်တဲ့အတိုင်း လိုအပ်သလို ထည့်နိင်ပါသည်။
My Food Myanmar