ရုံးပတီသီး စားပါ ။

မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ်လေးမို့ အနောက်နိုင်ငံက လူတွေက Ladies’ Finger လို့ ခေါ်တဲ့ ရုံးပတီသီးဟာ မြန်မာပြည်မှာ လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက် သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး ။ ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက် ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ၊ ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်လည်း ၁၃၅ ကနေ ၉၈ ထိ ကျသွား ခဲ့ပါတယ်။

ကိုလက်စထရော လယ်ဗယ် ကိုလည်း ထိန်းထားနိုင်လာပါတယ်။ လေ့လာ သုတေသန ပြုချက်အရ ရုံးပတီသီးဟာ တန်ဖိုး မဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကို ကျစေပြီး နှလုံးရောဂါ ဖြစ်ဖို့ ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက် ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်း ထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အက ပြုတဲ့အပြင် ကင်ဆာ ဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီး ကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။

ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆို ထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။

ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ –

၁ – ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။

၂ – ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး ။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။

၃ – တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ် ။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင် အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။

လူတော်တော် များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူ ပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။ သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး ။ အဆိပ်အတောက် လုံးဝ ကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့ အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

၄ – ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန် အနည်းဆုံး ချက်ပြုရပါမယ် ။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာ မျိုးတွေ လုပ်စားနိုင်ပါတယ်။

Credit: ဥယျာဉ်မှူး