လက်ဖက်စားပြီးရင် ညလုံးပေါက် မအိပ်တဲ့ သူတွေထဲကတယောက်မို့ လက်ဖက်စစ်စစ်ကို အရသာခံပြီး မစားနိုင်ဘဲ ရေဆေး၊ ညှစ်ထုတ်ပြီး ခုလိုမျိုး ချဉ်ငံစပ်သုပ်ပြီး စားရပါတယ်။ လက်ဖက်နှပ်ပုံ နှပ်နည်းတွေ တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ လက်ဖက် နှပ်တဲ့အခါ ကြက်သွန်ဖြူ ထည့်နှပ်လေ့မရှိပါဘူး၊ ကြက်သွန်ဖြူထည့်တာ ဒီနေ့လုပ် ဒီနေ့ကုန်အောင်စားရင် စားကောင်းပေမဲ့၊ ရက်ကူးသွားရင် အနံ့ကို မကြိုက်တော့ပါ။

ယခု ပြုလုပ်နည်းမှာ ငရုပ်သီးစိမ်း နည်းနည်းပဲ ထည့်ထားပြီး အဆိမ့်ဘဲ နှပ်ထားပါတယ်။ စားခါနီးမှ ငရုပ်သီးစိမ်းနဲ့ ခရမ်းချဉ်သီး ထပ်ထည့်ပြီး စားပါတယ်။ ငရုပ်သီးစိမ်း များများသုံးပေမဲ့လည်း ကြာကြာထားစားတဲ့ လက်ဖက်မှာ စပ်တဲ့အရသာ မရှိတော့ဘူး၊ ငရုပ်သီးစိမ်းကို ရင့့်မှခူးလျှင် အနံ့အရသာ အပြည့်အ၀ ရှိပါတယ်။

လက်ဖက်ကို အခါးလျော့အောင် သန့်စင်အောင်၊ ရောဂါပိုးရှိနေလျှင် သေအောင်ဆိုပြီး ပြုုပြင်ကြပုံ တွေလည်း အမျိုးမျိုးရှိပါတယ်။ တချို့က ရေ ၃ – ၄ ပြန်ဆေးတယ်။ တချို့က ရေနွေးလေး၂ – ၃ ပြန် ဆေးတယ်။ တချို့က ရေဆေးပြီး ရေနွေးငွေ့လေးနဲ့ ပေါင်းပေးတယ်။ မိမိနှစ်သက်သလို ပြုပြင်ကြပါ။

ပါဝင်သော ပစ္စည်းများ

လက်ဘက် – ၁/၂ ခွက်
ပုဇွန်ခြောက် အရွယ်လတ် – အကောင် ၃၀ ခန့်
ငရုပ်သီးစိမ်း – ၆ – ၁၀ တောင့်
ငါးငံပြာရည် – သင့်ရုံ၊ သကြား – ၁/၄ လက်ဘက်ရည်ဇွန်း
အချိုမှုန့် – အနည်းငယ်၊ သံပုရာရည် – သင့်ရုံ

ပြုလုပ်နည်း

လက်ဘက်ကို ရေ ၃ ပြန်လောက်ဆေးပီး ရေကုန်အောင်ညှစ်ထုတ်ထားပါ။

ပုဇွန်ခြောက်မှုန့်၊ ငရုပ်သီးစိမ်း တို့ကို ထောင်းပါ၊ လက်ဖက်ထည့်ထောင်းပါ။ သကြား၊ အချိုမှုန့်၊ ဆား၊ ငံပြာရည်၊ သံပုရာရည်တို့ထည့်ထောင်းပါ။

အရသာ စိတ်ကြိုက်ဖြစ်ပြီ ဆိုလျှင် ဖန်ဗူးတွင် လေမခိုအောင် ဖိသိပ် ထည့်ပြီး ရေခဲ ခဲတဲ့အခန်းထဲမှာ သိမ်းပါ။ ဆီမြုတ်အောင် စိမ်ပြီး မခဲတဲ့ အထပ်မှာလည်း သိမ်းနိုင်ပါတယ်။

လက်ဖက်ကို ချဉ်ငံစပ် သုပ်စားတာ မကြိုက်လျှင် အညွန့်လေးတွေကို ဂေါ်ဖီ၊ ကြက်သွန်ဖြူတို့ကို ပါးပါးလေးလှီး၊ ငရုပ်သီးစိမ်းပါးပါးလှီး ဆား၊ အချိုမှုန့်၊ ဆီ တို့ကိုထည့် တူနဲ့ ဖွဖွလေးနယ်၊ ပုဇွန်ခြောက်ကြော်၊ ပဲကြော်လေး ၂ မျိုးရယ်နဲ့ တပုံစီ ပုံပီး စားနိုင်ပါတယ်။

Credit: Meemee Tofu