မုန်ညင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး ဝါတွင်းကာလတွေမှာ အသားရှောင်လိုသူတွေ အကြိုက်တွေ့စေတဲ့ ဟင်းရွက်တစ်မျိုးပါ။ အရွက်ပေါများသော မုန်ညင်းပင်သည် ကမ္ဘာ့သမပိုင်းဒေသများတွင် စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ သမမျှတတဲ့ ရာသီဥတုရှိတဲ့ နေရာတွေမှာ စိုက်ပျိုးကြပြီး ရေနိုင်နိုင် လောင်းပေးရင် စိုက်လို့ ရတဲ့ ဟင်းရွက်မျိုးပါ။ မုန်ညင်းပင်မှာ ရတဲ့ မုန်ညင်းစေ့ဟာလည်း ဟင်းလျာခတ် အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပြီး ဘယဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။

မုန်ညင်းရွက်ဟာ လွှသွားပုံအချွန်လေးတွေ ရှိပြီး အစိမ်းရင့်ရောင် ဖြစ်ပါတယ်။ အရွက်နုများကို ခူးပြီး ဟင်းရွက်အဖြစ် စားကြသလို အရင့်ခံထား အစေ့ကို ယူကြပါတယ်။ မုန်ညင်းသည် စိုက်ပျိုးရန် လွယ်ကူတဲ့ အပင်မျိုးဖြစ်ပါတယ်။ မိုးကုန်ခါနီးတွေမှာ အစေ့တွေကို ကြဲပြီး စိုက်ပျိုးလေ့ ရှိပါတယ်။ မုန်ညင်း အမည်း နဲ့ အဖြူ နှစ်မျိုးစလုံးသည်တစ်နှစ်ခံပင်များ ဖြစ်ပြီး အစေ့မှ စိုက်ပျိုးရပါတယ်။

မုန်ညင်းရွက်များတွင် အကောင်းဆုံး ဗီတာမင်ဓာတ်များ ပါရှိပါတယ်။ အမျှင်များနဲ့ ပင်စည် အပွင့်တွေဟာ ဝမ်းပျော့စေတတ်ပါတယ်။ အစေ့တွေကို ကြိတ်ပြီး ရတဲ့ အဆီတွေဟာ အနံ့အရသာကောင်းတဲ့ အပြင် အိမ်တွင်းသုံး ဆေးအဖြစ်ဖြင့် အသုံးပြုကြပါတယ်။

ဆီကြိတ်ပြီး ကျန်နေတဲ့ မုန်ညင်းဖတ်တွေကို အခြောက်ခံပြီး အမှုန့်ဖြစ်လာအောင် ထောင်းရပါတယ်။ အဲ့ဒီ မုန်ညင်းစေ့မှုန့်ဟာ အဆိပ်အတောက် စားမိတဲ့အခါ အော့အန်စေတဲ့ ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဖြူများကို လယ်မြေများတွင် မြေသြဇာကျွေးပြီး စိုက်ပျိုးကြပါတယ်။ ထယ်ထိုးပြီး လယ်မြေမှာ စိုက်ကြပါတယ်။ မုန်ညင်းအမည်း အစေ့တွေကိုတော့ ဟင်းလျာခတ်  အမွေးအကြိုင် အဖြစ် အသုံးပြုရန် စိုက်ပျိုးလေ့ ရှိကြပါတယ်။

မုန်ညင်းရွက်ကို မုန်ညင်းချဉ် ပြုလုပ်ရာမှာ သုံးသလို ကြံမဆိုင်ပြုလုပ်ရမှာလည်း အသုံးပြုကြပါတယ်။ ကြော်စား၊ ပေါင်းစားကြတာကတော့ အလွယ်တကူနဲ့ စားလို့ ရတဲ့ ဟင်းလျာတစ်မျိုးပါ။ မုန်ညင်းဟာ မိုးရာသီမှာ ပေါများတဲ့ အသီးအရွက်မဟုတ်ပေမယ့် ၁၂ရာသီ စားသုံးကြတဲ့ အရွက်ပါ။