ကောက်ညှင်းပေါင်းဆိုတာ ဘယ်အချိန်စားစား ဘယ်ဒေသမှာပဲ စားစား မရိုးနိုင်တဲ့ မြန်မာအစားအစာ တစ်ခုပါ။ ကောက်ညှင်းပေါင်းကို တောရွာတွေမှာ ပိုပြီး စားကြပါတယ်။ မနက်စာ အဖြစ် ကောက်ညှင်းပေါင်းနဲ့ နှမ်းထောင်းနဲ့ ငါးခြောက်ကြောင်နဲ့ ရေနွေးကြမ်းနဲ့ဟာ ဘယ်အစားအစာနဲ့မှ မလဲနိုင်တဲ့ မနက်စာတစ်ခုပါပဲ။ တောရွာတွေမှာ လယ်စိုက်ချိန်နဲ့ လယ်ရိတ်ချိန်တွေမှာဆို ကောက်ညှင်းပေါင်းကို လယ်ထဲ အလုပ်လုပ်သူတွေ အစာခံစေဖို့ မနက်စာအဖြစ် ကျွေးမွေးကြပါတယ်။ အလှူတွေ မင်္ဂလာဆောင်တွေ ရှိရင် လာပြီး ကူညီကြသူတွေကို ဧည့်ခံကျွေးမွေးတဲ့ အစားအစာ တစ်ခုပါ။

 

ကောက်ညှင်းပေါင်းကို နှမ်းထောင်း၊ ပဲပြုတ်၊ အကြော်၊ ငါးခြောက်ဖုတ် စသည့် အမယ်များနဲ့တွဲစားကြပါတယ်။ ကောက်ညှင်းပေါင်းကို ကော်ဖီနဲ့ သောက်တဲ့ မနက်စာကိုလည်း မြန်မာတွေဟာ နှစ်သက်လှပါတယ်။ ကောက်ညှင်းနဲ့ လုပ်တဲ့ မြန်မာမုန့်တွေထဲမှာတော့ ကောက်ညှင်းပေါင်းဟာ အရိုးဆုံးနဲ့ အလွယ်ဆုံး အစားအစာ တစ်ခုပါ။ လူကြိုက်လည်း များလှပါတယ်။

rice -2

ကောက်ညှင်းပေါင်းမှာ အဓိက ပါဝင်တာကတော့ ကောက်ညှင်းဆန်ပါ။ ကောက်ညှင်းဆန်မှာမှ နှစ်မျိုးရှိပါတယ်။ ငချိတ်နဲ့ အဖြူပါ။ ကောက်ညှင်းပေါင်းကို အဖြူနဲ့ အမဲ နှစ်မျိုး ရဖို့ ဆန်မှာလည်း နှစ်မျိုး ရှိပါတယ်။ ကောက်ညှင်းပေါင်းထဲကို ထည့်ပေါင်းတဲ့ ပဲကို တန်ဆောင်မုန်းပဲလို့ ခေါ်သလို ဘိုကိတ်ပဲလို့လည်း ခေါ်ပါတယ်။ ပဲစေ့တွေက နူးညံ့ပြီး အင်မတန် စိမ့်တဲ့ အရသာ ရှိပါတယ်။ အရောင်လည်း လှတဲ့အတွက် အဖြူရောင် ကောက်ညှင်းပေါင်းမှာဆိုရင် ပိုပြီး လှတဲ့ အသွင်ရှိပါတယ်။

 

ကောက်ညှင်းပေါင်းရာမှာ ကောက်ညှင်းဆန်းကို ညကတည်းက ရေစိမ်ထားရပါတယ်။ မနက်အာရုံဆို ထပြီး ပေါင်းဖို့ အတွက်ပါ။ ရွာဘက်တွေမှာတော့ ကောက်ညှင်းပေါင်းဖို့ အိုးတွေ သီးသန့်ရှိပါတယ်။ အိုးပုံစံက လုံးလုံးရှည်ရှည်လေးနဲ့ အပေါက်တွေ ဖောက်ထားတဲ့ အိုးပါ။ အဲ့ဒီအိုးနဲ့ အတူ အောက်ခံအိုးဆိုပြီး တစ်မျိုးနဲ့ တွဲပေါင်းရတာပါ။ မြေအိုးတွေပဲ သုံးတဲ့အတွက် ပေါင်းလို့ထွက်လာတဲ့ အနံ့ဟာ ပိုမွှေးပါတယ်။ အောက်ခံအိုးထဲ ရေထည့် အပေါ်အိုးထဲကို ကောက်ညှင်းဆန်ထည့်ပြီး လုံအောင်ဖုံးထားရပါတယ်။ မီးနဲ့ပေါင်းတယ် ရေနွေးငွေ့နဲ့ ပေါင်းပါတယ်။ ပိုမွှေးပြီး ဆုပ်စားလို့ အင်မတန်ကောင်းတဲ့ ကောက်ညှင်းပေါင်းလေးတွေ အဖြစ် စားချင်စဖွယ် ထွက်လာပါတယ်။

 

ခေတ်မှီတဲ့ အခါမှာတော့ ပေါင်းအိုးတွေနဲ့ ပေါင်းစားလို့ရပါတယ်။ မြို့ပေါ်မှာတော့ ပေါင်းအိုးပဲ အဓိက သုံးကြတာကိုး။ ကောက်ညှင်းဆန်ကို ရေစိမ်ထားပြီး ပေါင်းအိုးထဲ ဆားနည်းနည်း ဆီနည်းနည်း ထည့်ပြီး နာရီဝက်လောက် ပေါင်းပေးရပါတယ်။ ၁၅မိနစ် တစ်ခါလောက် ရေဖြန်းပြီး မွှေပေးရပါတယ်။ မိနစ် ၃၀လောက် ပေါင်းပြီးပြီဆိုရင် စားလို့ရပါပြီ။

 

အုန်းသီးနဲ့ တွဲစားရင်လည်း စားလို့ကောင်းပါတယ်။ နှစ်ခါပြန်ပြီး သကြားနဲ့ ပြန်ပေါင်းရင်တော့ ကောက်ညှင်းပြန်ပေါင်း အိအိလေးကို ရပါတယ်။ လုပ်ရတာ လွယ်ကူပြီး စားကောင်းတဲ့ မြန်မာအစားအစာလေးမို့ ကြိုက်သူများလှတာ ထင်ပါရဲ့။

 

Photo: Antysweet / thiriyatanar