ပူတဲ့ရာသီမှာ အချဉ်ဓာတ် အနည်းငယ် ပါတဲ့  အသီးတွေကို စားချင်စိတ် ဖြစ်လာကြပါတယ်။ ဖျော်ရည်သောက်ရင်လည်း အချဉ်ဓာတ် အနည်းငယ်ပါတဲ့ အသီးဖျော်ရည်လေးတွေကိုပဲ သောက်ချင်ကြပါတယ်။ ဒီလိုဆိုရင် အချဉ်ဓာတ်အနည်းငယ်ပါပြီး အရည်ရွှမ်းတဲ့ အသီးမျိုးဆိုရင် နွေနဲ့ လိုက်ဖက်တဲ့ နာနတ်သီးကို ပြေးမြင်မိပါတယ်။

နာနတ်သီး အစိပ် အေးအေးလေးကို စားလိုက်ရရင် အမောပြေစေပြီး ရေငတ်လည်း ပြေစေပါတယ်။ နာနတ်သီးရဲ့ ဇစ်မြစ်ကတော့ တောင်အမေရိက ဒေသေတွေပါပဲ။ ၁၉၄၃ ခုနှစ်မှာ နာနတ်ပင်တွေကို တောင်အမေရိကမှာ ကိုလံဘတ်စ် တွေ့ရှိခဲ့ပြီး ဥရောပကို ယူဆောင်ပြီး စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

နာနတ်သီးမှာ ဗီတာမင် စီနဲ့ မဂ္ဂနီးစ်ဓာတ်တွေ အဓိက ပါဝင်ပြီး အစာကြေလွယ်တဲ့ အင်ဇိုင်းတစ်မျိုးလည်း ပါဝင်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ အတွက် ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ နှာစေးချောင်းဆိုးနဲ့ ဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ လိမ္မော်သီးမှာ ပါဝင်တဲ့ ရာခိုင်နှုန်းနဲ့ ထပ်တူနီးပါး တူညီတယ်လို့ ဆိုပါတယ်။ နှာရည်ယိုခြင်းနဲ့ နှာခေါင်းတွင်း ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။

လတ်ဆတ်တဲ့ နာနတ်သီးမှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ကိုလက်စထရောပါဝင်မှုကတော့ မရှိသလောက်ပါပဲ။ ဒါပေမယ့် အမျှင်ဓာတ်နဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင် ဓာတ်ပေါင်းစုတွေကတော့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ Antioxidant ကောင်းကောင်း ပါဝင်တဲ့အတွက်  ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့ ဗီတာမင်စီဟာ ကိုယ်ခံအားကို မြင့်တက်စေပါတယ်။

နာနတ်သီးမှာ ဗီတာမင်အေနဲ့ ဘီတာကရုန်းပါဝင်မှု ပမာဏနည်းပေမယ့် အရေပြားကျန်းမာရေးနဲ့ အမြင်အာရုံ ကောင်းမွန်စေမယ့် အာနိသင်တွေ ရပါတယ်။ အဆုတ်ကင်ဆာနဲ့ လည်ချောင်းကင်ဆာ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။ နာနတ်သီးမှာ ကြွယ်ဝစွာ ပါဝင်တဲ့ မဂ္ဂနီးစ်ဓာတ်ဟာ ကယ်လ်ဆီယမ်လို့ပဲ အရေးပါပါတယ်။ သူရဲ့ဓာတ်ဟာ အရိုးနဲ့ တစ်သျှူးစတွေကို သန်စွမ်းဖို့ လုပ်ဆောင်ပေးပါတယ်။ ဒူးနာခြင်း၊ ဒူးဆစ်ရောင်ခြင်းတို့ကို ကောင်းမွန်လာစေပါတယ်။

နာနတ်သီးတွေကို ရေခဲသေတ္တာထဲမှာ အကြာကြီး သိမ်းထားလို့ မကောင်းပါဘူး။ အခန်းတွင်း အပူချိန်မှာ ထားတာက ပိုပြီး မှည့်လွယ်ပါတယ်။ လှီးဖြတ်ပြီးသားတွေကို ရေခဲသေတ္တာထဲ ၂ရက်ထက် ပိုပြီး မထားသင့်ပါဘူး။

Credit: Nutritional and you