သရက်သီးတွေ ဝင်းပြီး မှည့်နေတဲ့ ရာသီမှာ ခံတွင်းမြိန်စေမယ့် အသီးတစ်မျိုးကတော့ သရက်သီးမှည့်ပဲ ဖြစ်ပါလိမ့်မယ်။ အပင်တွေမှာလည်း ဝင်းရောင်သန်းနေတဲ့ သရက်သီးတွေကို မြင်နေရသလို ဈေးတွေထဲမှာလည်း လှိုင်လှိုင်ပေါနေတဲ့ သရက်သီးမှည့်တွေကို တွေ့နေရပါပြီ။

သရက်ပင်ကို အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တာများပြီးအမျိုးအစားပေါင်းများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ နေရာအနှံ့မှာ ပေါက်ရောက်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေကတော့ သရက်သီးမှည့်ကို ထမင်းနဲ့ ရောစားပြီး နွေရာသီမှာ ခံတွင်းမြိန်အောင် စားတတ်ကြပါတယ်။ ဒီလို ရာသီစာ သရက်သီးမှည့်တွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

သရက်သီးမှာ ကိုလက်စထရော နည်းနည်း၊ ဆိုဒီယမ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင် အုပ်စုတွေ ဖြစ်တဲ့ ဗီတာမင် အေ၊ စီ၊ B6 တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်၊ မက်ကနီဆီယမ်နဲ့ ဘီတာကရိုတင်းတို့ ပါဝင်ပြီး အင်အားပြည့်တဲ့ Antioxidants တွေလည်း အများအပြား ပါဝင်ပါတယ်။ တရုတ်ပြည်ရဲ့ ရိုးရာဆေးပညာတွေမှာတော့ သရက်သီးဟာ ဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်ပြီး ချောင်းဆိုး၊ ဖျားနာခြင်း၊ အအေးမိခြင်း၊ အစာမကြေခြင်းနဲ့ လှိုင်းမူးခြင်းတို့ကို သက်သာစေပါတယ်လို့ ဖော်ပြထားပါတယ်။ တခြား ကျန်းမာရေး အကျိုးကျေးဇူးတစ်ချို့လည်း ရှိပါသေးတယ်။

သရက်သီးမှာ ဗီတာမင်တွေ ပါဝင်ပြီး ပိုတက်ဆီယမ် ပါဝင်တဲ့အတွက် သွေးဖိအား မြင့်မားလာမှုကို ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ် များစွာပါဝင်တဲ့ အတွက်ကြောင့် သွေးတွင်း အဆီဓာတ်တွေကို လျှော့ချပေးပြီး သွေးလည်ပတ်မှု ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ Antioxidant တွေဟာ ရင်သားကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့ အူမကြီး ကင်ဆာတို့ကို မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ သွေးတွင်း အဆီဓာတ်ကို ထိန်းပေးထားတဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။

သရက်သီးမှည့်ဟာ အနံ့မွှေးပြီး အရသာချိုမြတဲ့အပြင် အစာချေဖျက်မှုကို အားပေးတဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် အစာအိမ်ရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်ဖို့ ကူညီပေးပါတယ်။ သရက်သီးမှာ အရွယ်တင်နုပျိုစေမယ့် ဓာတ်တွေ ပါဝင်ပြီး သံဓာတ်ပါဝင်မှု များတဲ့အတွက်လည်း သွေးအားနည်းတဲ့ အမျိုးသမီးတွေ စားသုံးဖို့ သင့်တော်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ စားသုံးလို့လည်း ရပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးတိုးရောဂါဖြစ်စေမယ့် အန္တာရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။ သရက်သီးမှာ ကဆီဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်အလေးချိန်တက်ချင်သူတွေ အတွက် နေ့တိုင်း စားပေးသင့်ပါတယ်။

Mango

သရက်သီးမှည့် စားသုံးမယ်ဆိုရင်တော့ သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ သရက်သီးကို အညှာဖြတ်ပြီး မစားခင် ရေစိမ်ထားပေးပါ။ အစေးတွေက နှုတ်ခမ်းတစ်ဝိုက်ကို လောင်တတ်တာကြောင့် သတိထားပေးဖို့ လိုပါတယ်။ သရက်သီးမှည့် ပေါချိန်ဟာ ယင်ကောင်တွေ ပေါတဲ့ ရာသီမို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားတတ်တာကြောင့် သရက်သီးမှည့်တွေ လှီးထားရင် ယင် မနားအောင် ဖုံးအုပ်ထားပေးဖို့ သတိထားပေးပါ။

Credit: organicfacts.net