မုန့်လင်မယားဆိုတဲ့ ချစ်စရာ နာမည်လေးနဲ့ မုန့်တစ်မျိုးဟာ လူတိုင်း သိကြတဲ့ မုန့်တစ်မျိုးပါ။ မြန်မာ့ရိုးရာ အစားအစာစစ်စစ် မဟုတ်ပေမယ့် မြန်မာတို့ရဲ့ ရိုးရာ သရေစာအဖြစ် စွဲမက်စွာ စားသုံးကြပါတယ်။
မုန့်လင်မယားကို နေရာဒေသတွေလိုက်ပြီး ကွဲပြားစွာ ခေါ်ကြပါသေးတယ်။
တစ်ချို့နေရာတွေမှာ မုန့်မောင်နှံလို့ ခေါ်ကြပြီး မုန့်အုပ်လို့လည်း ခေါ်ကြပါတယ်။ မုန့်လင်မယားက မုန့်လေးနှစ်ခုကို ထပ်ပြီး စားကြသလို ဒီအတိုင်းတစ်ခုချင်းစီလည်း စားကြတဲ့နေရာတွေ ရှိပါတယ်။ တစ်ချို့နယ်တွေမှာတော့ နှမ်းထောင်းနဲ့ တွဲစားကြပြီး တစ်ချို့နေရာတွေမှာတော့ အချဉ်ရည်နဲ့တို့စားကြပါတယ်။

သရေစာ အဖြစ်သာ စားကြပြီး အိမ်မှာ လုပ်စားကြတာ ရှားပါတယ်။ သူ့ကို ကြော်တဲ့နေရာမှာ ပုံစံခွက်လေး လိုတာကြောင့် အလွယ်တကူပဲ ဝယ်စားလိုက်ကြတာ များပါတယ်။ မုန့်လင်မယားကို နေ့လည် နေ့ခင်းနဲ့ ညနေပိုင်းတွေမှာ အများအားဖြင့် သရေစာ အဖြစ် စားသုံးလေ့ ရှိပါတယ်။

မုန့်လင်မယားမှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့

  • ဆန်မှုန့်
  • ကောက်ညှင်းမှုန့်
  • ပဲမှုန့် (အစိမ်း)
  • ဂျင်း
  • ကြက်သွန်မြိတ်/နံနံပင်
  • စားတော်ပဲပြုတ်
  • ဆား
  • ငုံးဥ (မထည့်ချင်လည်း ရပါတယ်)
  • သကြား
  • ဟင်းခတ်မှုန့်
  • ဆီ
  •  ရေ
  • မုန့်အိုး တို့ ပါဝင်ပါတယ်။

montpair

မုန့်လင်မယားမှာ မုန့်နှစ်ရည်က အဓိကပါ။ မုန့်နှစ်ရည် စပ်တဲ့အခါ ကောင်းမွန်ပြည့်စုံမှသာ မုန့်လင်မယားရဲ့ အရသာ ကောင်းမွန်စေမှာပါ။
မုန့်နှစ်ရည်ပြုလုပ်ရာမှာ ဆန်မှုန့်၊ ပဲမှုန့်နဲ့ ကောက်ညှင်းဆန်မှုန့်တို့ကို ရောပြီး ရေနဲ့ အမှုန့်တွေကို ကြေအောင် ချေပြီး ဖျော်ပေးရပါမယ်။ အစေ့လေးတွေ မကျန်စေအောင် သေချာ လက်နဲ့ချေရပါမယ်။
တစ်ချို့ကတော့ ဆန်မှုန့်ချည်းလုပ်ကြပါတယ်။ ပိုပြီး စီးစီးပိုင်ပိုင်ဖြစ်အောင် ကောက်ညှင်းနဲ့ပဲစိမ်းမှုန့် ထည့်ပေးရင် ပိုစားလို့ကောင်းပါတယ်။
မုန့်ဟာ ပွပြီး ရွစေပါတယ်။ မုန့်နှစ်ရည်ထဲကို ဂျင်း အရည်ညှစ်ပြီး ထည့်ပေးရပါမယ်။ ကြက်သွန်မြိတ် ဒါမှမဟုတ် နံနံပင်ကို ရိတ်ရိတ်လေးတွေ လှီးထည့်ပေးပါ။ ဆားအနည်းငယ်နဲ့ သကြားအနည်းငယ် ထည့်ပြီး အပေါ့အငံ အပိုအလို မရှိအောင် မြည်းပေးပါ။ ဟင်းခတ်မှုန့်လေးပါ ထည့်ပေးပါ။
သမအောင် အားလုံးကို ရောမွှေပြီး အဆင်သင့်ပြင်ထားပါ။ တစ်ချိုု့ကတော့ ပိုလေးပင်အောင် အုန်းနို့ရည်ထည့်တတ်ပါတယ်။ ကြက်ဥဖောက်ထည့်လည်း ရပါတယ်။

မုန့်နှစ်အဆင်သင့် ဖြစ်ပြီဆိုရင်တော့ ပုံစံခွက်နဲ့ မုန့်ဒယ်အိုးကို ဆီလေး သုတ်ထားပေးပါ။ မီးခပ်အေးအေးမှာ မုန့်ဒယ်အိုးကို တည်ပြီး ခွက်လေးတွေမှာ မုန့်နှစ်ကို လိုက်ဖြည့်ပေးပါ။ ငုံးဥထည့်ချင်သူတွေကတော့ ငုံးဥထည့်စားလို့ ရပါတယ်။
ပဲပြုတ်လေးကို မုန့်ခွက်လေးတွေပေါ် လိုက်ထည့်ပေးပါ။ မုန့်တစ်ဖက်က ကျက်လာရင် ဖောင်းဖောင်းလေး ဖြစ်လာပါလိမ့်မယ်။ တစ်ဖက်ကို လှန်ပေးပြီး ကျက်လာတဲ့အခါ ဆယ်ယူလိုက်လို့ ရပါပြီ။
မုန့်ကို နှစ်ခု အုပ်ပြီး စားလို့ရသလို တစ်ခုချင်းစီလည်း စားလို့ရပါတယ်။ ပူနေတုန်း စားပေးရင် ပိုကောင်းပါတယ်။
ဒီလိုပဲ ဆက်တိုက် လုပ်သွားပေးပါ။  ရေနွေးကြမ်းနဲ့ဆို အင်မတန် လိုက်ဖက်တဲ့ သရေစာ တစ်မျိုးလို့ ပြောရပါမယ်။ နှမ်းလှော်လေး ထောင်းပြီး အပေါ်က ဖြူးစားရင် ပိုမွှေးပါတယ်။ ချဉ်စပ် စားချင်သူတွေကတော့ မုန့်နှစ်ထဲကို ငရုတ်သီး  ခရမ်းချဉ်လေးတွေ ပါးပါးလေးတွေ ညှပ်ထည့်ပြီး စပ်ပေးလို့ ရပါတယ်။

မုန့်လင်မယားကို နယ်ဘက်တွေမှာတော့ အကြော်ဆိုင်တွေလိုမျိုး ဆိုင်တွေမှာ ထိုင်စားလို့ရပါတယ်။ အချဉ်ရည်နဲ့ တွဲစားရတဲ့ မုန့်လင်မယား အရသာဟာလည်း တစ်မျိုး စွဲမက်ဖွယ် ကောင်းပါတယ်။
အချဉ်ရည်ကို မန်ကျည်းနှစ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံပင်တို့နဲ့ ပြုလုပ်ထားပြီး မအီစေဘဲ ပိုပြီး စားလို့ ကောင်းစေပါတယ်။

Photo Credit: flickriver.com & mogaungthu