Recipes | မြန်မာမုန့်များ - Myanmar Desserts

အညာမုန့်လက်ဆောင်း

June 30, 2016

အညာမုန့်လက်ဆောင်း

Share this on:

မုန့်လက်ဆောင်း လုပ်နည်းက လွယ်ပေမယ့် မုန့်လက်ဆောင်းဖတ် လုပ်နည်းလေးကသာ အနည်းငယ်ခက်ခဲတယ် ထင်ရပေမယ့် စမ်းလုပ်ကြည့်ပြီး (၁) ကြိမ် (၂) ကြိမ်ဆိုရင် အလွယ်ကူဆုံး ဖြစ်သွားပါမယ် ။  အခုခေတ်ကာလမှာ ဆန်ကြိတ်ဆုံတွေ အင်မတန်ရှားပါးသွားလို့ အဝေး ၊ ပြည်တွင်း အားလုံး အဆင်ပြေ လွယ်ကူအောင် ဆန်မှုန့်နဲ့ပဲ ပြောပေးသွားပါမယ် ။

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့်နုနု - ၁၀ ဇွန်း (ထမင်းစားဇွန်း)
  • ကော်မှုန့် (သို့) ပြောင်းမှုန့် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ထုံးကျက်တက်ရည် - ၂ လီတာခန့် (အစိမ်းရောင်လေး ကြိုက်သူများက ဆွမ်းမွှေးရွက်ရည် ထည့်သုံးနိုင်ပါတယ်)
  • ထန်းဖိုထန်းလျက်
  • ဆား - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. စားထုံးကို ရေ ၂ လီတာနဲ့ဖျော်ပြီး ကျောက်ချဉ်တုံး ခပ်သေးသေးကို ထည့်လိုက်ပါ ။ အနည်ထိုင်ပြီး အရည်ကြည် တက်လာတာနဲ့ ထုံးကျက်တက်ရည် ရပါပြီ ။
  2. ဆန်မှုန့် ၊ ကော်မှုန် (သို့) ပြောင်းမှုန့် တို့ကို ရောပြီး ထုံးကျက်တက်ရည်နဲ့ ရောကျိုပါ ။ အရောင်၊ ရနံ့ ကြိုက်သူတွေက ဆွမ်းမွှေးရွက်ရည် ထည့်သုံးနိုင်ပါတယ် ။
  3. တော်တော်လေး ပျစ်ခဲမလာခင် ဇလုံကြီးကြီးတစ်ခု (ဖြစ်နိုင်ရင် ရေခဲပါထည့်) ထားသော ခွက်အပေါ်မှာ ဇကာ (မိမိကြိုက်နှစ်သက်တဲ့ မုန့်ဖတ်အရွယ်ပေါ် မူတည်) တင်ထားပါ ။
  4. မုန့်နှစ်ကျိုတာ ပျစ်လာပြီဆိုရင် ဇကာထဲကို နည်းနည်းချင်း လောင်းချပြီး ဇွန်းနဲ့ ဖိချပေးရပါမယ် ။ ဒါမှသာ မုန့်ဖတ်လေးများအသွင် ရေအေးထဲကို ရောက်ပြီးခဲသွားမှာပါ ။
  5. အောက်ခံရေကိုလည်း မကြာခဏ ဆိုသလို လဲလှယ်ပေးရပါမယ် ။ နောက်ဆုံးအေးသွားပြီဆိုမှ ရေအေးပြန်စိမ်ထားပေးပါ ။
  6. ထန်းဖိုထန်းလျက်ကို ဆားအနည်းငယ်နှင့်အတူ ရောကျိုပြီး အအေးခံပါ ။ မုန့်လက်ဆောင်းဖတ်ထဲကို မိမိလိုအပ်သလောက်ထည့်ပြီး နှမ်းထောင်းလေးဖြူး အုန်းသီးခြစ်လေးများထည့်ကာ သောက်သုံးနိုင်ပါတယ် ။
  7. နန်ကထိလို့ခေါ်တဲ့ ငချိတ်ပေါင်းလေးများ ထည့်စားသုံးသလို ဆေးကုလားမ နံ့သာရည်လေးလည်း ထည့်သုံးဆောင်နိုင်ပါတယ် ။
မှတ်ချက်။ ။ ထန်းဖိုထန်းလျက်မရှိလို့ ထန်းလျက်အသေးသုံးထားတာကြောင့် အရောင်မလှသလို အုန်းသီးခြစ်လည်း မကြိုက်လို့ မထည့်ထားပေမယ့် နွေရာသီ အညာဒေသကို မှတ်မှတ်ရရ အလွမ်းပြေဖြစ်ပါတယ် ။

Credit: Original Recipe Writer

Review

User Rating

2.8 (5 Votes)