အထက်အညာက ပုန်းရည်ကြီး

Share this on:

ပုန်းရည်ကြီးဟာ မြန်မာတို့ရဲ့ ဟင်းလျာတစ်မျိုး အနေနဲ့ စားသောက်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ ပုံစံမှာ နီညိုညိုပျစ်ပျစ် ဖြစ်ပြီး ကြက်သွန်နီနဲ့ ဆီတို့ ထည့်ပြီး သုပ်စားရတဲ့ အစားအစာ တစ်မျိုးပါ။ အစိမ်းသုပ်စားကြသလို အသားတွေနဲ့ ရောပြီးလည်း ချက်စားကြပါတယ်။
ပုန်းရည်ကြီးကို အဓိက ချက်ပြီး ရောင်းချတာကတော့ ပုဝံမှာပါ။ အထက်အညာဒေသတွေမှာတော့ ပုန်းရည်ကြီးလုပ်ငန်းဟာ အိမ်တွင်းတစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းတစ်ခုပါပဲ။ ပုန်းရည်ကြီးကို ပဲပိစပ်ကနေ အဓိက လုပ်ထားတာပါ။ တခြားပဲတွေကနေလည်း လုပ်ယူနိုင်ပါတယ်။ ပဲပိစပ်ကတော့ အကောင်းဆုံးလို့ ဆိုရပါမယ်။ ပုန်းရည်ကြီးကို အိမ်မှာ လုပ်စားမယ်ဆိုရင်တော့ အလုပ်နည်းနည်း ရှုပ်ပါတယ်။ အခြောက်ထုပ်တွေ အလွယ်တကူ ၀ယ်လို့ ရပြီး နိုင်ငံခြားထိပါ တင်သွင်းနေတာကြောင့် ၀ယ်စားဖို့ လွယ်ကူမှာပါ။ ဒါပေမယ့် ဗဟုသုတ အနေနဲ့တော့ ဘယ်လိုတွေ လုပ်လဲဆိုတာ ကြည့်ရအောင်ပါ။
ပုန်းရည်ကြီးကို လုပ်ရာမှာ ပထမဆုံး ပဲကို ရေစင်စင်ဆေးပြီး ပြုတ်ရပါတယ်။ ပဲနူးလာတဲ့ အခါမှာ ပဲကို ဆယ်ပြီး အရည်တွေကို အိုးတစ်လုံးထဲ ထည့်ပြီး အချဉ်ဖောက်ရပါတယ်။ အချဉ်ကို ကိုယ်ကြိုက်တဲ့ အနေအထားထိ ထားလို့ရပါတယ်။ ၅ရက်ကနေ ၇ရက်ထိ ထားလို့ရပါတယ်။ အချဉ်ပေါက်လာတဲ့ ပဲရည်ကိုတော့ ပြန်ကျိုလိုက်ရင် ပုန်းရည်ကြီးကို ရပါတယ်။ ဆယ်ထားတဲ့ ပဲတွေကိုတော့ ၀က်သားနဲ့ ချက်စားရင် အတော်ကောင်းဆိုပဲ။

 

ပုန်းရည်ကြီးဖြစ်ဖို့ ပဲရည်ကို ကျိုတဲ့နေရာမှာ ဆက်တိုက် မွှေပေးရပါတယ်။ ပဲရည်ဟာ အမျှင်တန်းနေအောင် ပျစ်လာတဲ့ အခါ ပိုပြီး မွှေပေးရပါတယ်။ မီးဖိုမှ ချရင်လည်း သတိထားရပါသေးတယ်။ အေးသွားတဲ့ ပုန်းရည်ကြီးတွေဟာ ခဲသွားတတ်လို့ပါ။ ဒါကြောင့် အိုးမကျခင်ကတည်းက အပျစ်အကျဲကို မှန်းပြီး မီးဖိုကနေ ချရပါတယ်။ ပုန်းရည်ကြီးကို ထည့်တဲ့အခါ သံဗူးတွေကို ရှောင်ပါ။ ကျိုရင်လည်း သံဒယ်ပိုင်းနဲ့ မကျိုမိပါစေနဲ့။ အရောင်ဟာ မည်းသွားတတ်လို့ပါ။ ပုန်းရည် လေသလပ်ပြီး မှိုတက်လာရင် နှမ်းဆီ ဒါမှမဟုတ် ပဲဆီကို လောင်းထည့်ထားပါ။

 

ပုန်းရည်ကြီးကို စားသုံးခြင်းဟာ အာဟာရလည်း ဖြစ်စေပါတယ်။ ၀မ်းပျော့ပျော့ သွားစေညီ့း အစာကြေလွယ်စေပါတယ်။ ပုန်းရည်ကြီးကို အစိမ်းသုပ်တဲ့ အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ရှောက်ရွက်လေး ထည့်ပေးရင် ပိုမွှေးပြီး ပိုစားလို့ မြိန်ပါတယ်။ ပုန်းရည်ကြီးကို ၀က်သားနဲ့ ချက်စားတဲ့အခါ အလွန်မြိန်စေတဲ့ ဟင်းတစ်ခွက်ကို ရမှာပါ။ ပုန်းရည်ကြီးကို ထမင်းနဲ့ နယ်ပြီး  ကြက်ဥကြော်၊ အသားကြော်တို့နဲ့ တွဲစားလို့ရပါတယ်။

 

Review

User Rating

0 (0 Votes)