ဟင်းတစ်ခွက်ထဲမှာ ပင်လယ်စာပေါင်းစုံကို အရသာမြည်းစမ်းနိုင်မှာဖြစ်လို့ ပင်လယ်စာကို အထူးကြိုက်နှစ်သက်သည့်သူများအတွက် အကောင်းဆုံးသောဟင်းချက်နည်းပဲဖြစ်ပါတယ်။

ဒါကြောင့် အိမ်သားများနှင့်အတူ အရသာရှိရှိလက်ဆုံစားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ဂဏန်းအမ –  နှစ်ကောင်
  • ပုစွန်ဘော့ချိတ် – နှစ်ဆယ်သား
  • ကင်းမွန်(အသန့်ကိုင်ပြီး) – နှစ်ဆယ်သား
  • ဘဲဥ – တစ်လုံး

Source: Maangchi

  • ကြက်သွန်အဖြူဥကြီး – ၁၅ မြွှာ
  • ချင်း – လက်တစ်ဆစ်
  • ကော်မှုန့် (စားရတဲ့) – အနည်းငယ်
  • ပဲငံပြာရည်အကျဲ – စတီးဇွန်းအသေးနှင့်နှစ်ဇွန်း

  • ဆား၊ သကြား၊ ငံပြာရည် – အနည်းငယ်
  • ကောက်ရိုးမှို – တစ်ဆယ်သား
  • မှိုခြောက်ပွင့် – ဆယ်ပွင့်
  • ပြောင်းဖူးသေး – ဆယ့်ငါးဖူး

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ပထမဆုံးဂဏန်းကို ကျက်အောင် ပြုတ်၍ အအေးခံကာ အသားချည်းနွှင်ပါ။ အသန့်ကိုင်ပြီးသား ကင်းမွန်ကို ရေစင်အောင်ဆေး၍ မညက်တညက်စဉ်းကောလုပ်ထားပါ။

ပုစွန်ကို ရေအရင်ဆေးပြီး ခေါင်းချိုးအခွံနွှာ၍ ကျောမှ ချေးကြောင်းများထုတ်ထားပါ။

ဘဲဥကိုပန်းကန်တစ်လုံးထဲ ဖောက်ထည့်ကာ ပွနေအောင် ခေါက်ထားပေးရပါမယ်။

ကြက်သွန်အဖြူနှင့်ချင်းကို အခွံနွှာရေဆေး၍ ညက်အောင် ရောထောင်းပါ။ ပြီးလျှင် စားရသည့်ကော်မှုန့်အနည်းငယ်ကို ပန်းကန်တစ်ခုထဲတွင် ရေနှင့်ဖျော်ပါ။

ကောက်ရိုးမှိုကို ထက်ခြမ်းခြမ်းကာ ရေဆေးပါ။ မှိုခြောက်ပွင့်ကို ဆယ့်ငါးမိနစ်ခန့် ရေနှင့်ပွလာသည်အထိ စိမ်ပြီး သဲများစင်အောင် ရေဆေး၍ အနေတော်လှီးထားပါ။ ပြောင်းဖူးသေးကိုလည်း ရေဆေးပါ။

ဟင်းရည်ချက်ဖို့ အားလုံးပြင်ဆင်ပြီးလျှင် ဒန်အိုးတစ်လုံးထဲတွင် ရေနို့ဆီဘူး ငါးဘူးခန့်ထည့်ပြီး ပွက်ပွက်ဆူသည့်အထိ တည်ပါ။

ရေနွေးဆူလျှင် ကြက်သွန်ဖြူနှင့် ချင်းထောင်းထားတာကိုထည့်ပါ။ ပြီးလျှင် ဂဏန်းအသားများ ကင်းမွန်နှင့်ပုစွန်အပါအဝင် ဆား၊ သကြား၊ ငံပြာရည်၊ ပဲငံပြာရည်အကျဲနှင့် ကော်မှုန့်ရည်တို့ကို အားလုံးရောထည့်၍ အဆက်မပြတ် သမအောင် မွှေပေးရပါမယ်။

ပြီးလျှင် ကျန်သည့်ကောက်ရိုးမှို၊ မှိုခြောက်ပွင့်နှင့် ပြောင်းဖူးသေးကိုပါ ထည့်လိုက်ပါ။

ဟင်းရည်ကိုအရသာမြည်း၍ ဟင်းအရသာအနေတော်နှင့် မပျစ်မကျဲလေးဆိုလျှင် ပွနေအောင်ခေါက်ထားသည့် ဘဲဥအရည်ကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး မွှေပေးပြီးလျှင် အနံ့အရသာနှင့်ပြည့်စုံသည့် ပင်လယ်စာဟင်းရည်ကျက်ပါပြီ။