ဗုံလုံသီးပင်တို့သည် တစ်နှစ်ပတ်လုံး အသီးသီးသော အပင်ဖြစ်ကာ ၊ အကြီးမြန်သော နွယ်ပင် တစ်မျိုးဖြစ်၏ ။ အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပြီး ၊ မှန်ကူကွက်သစ်သားဘောင်ဖြင့် တိုင်ထူစိုက်ပျိုးပေးပါက ၊ အပင်ဖြစ်ထွန်းမှု မြန်ဆန်ပါတယ် ။  ဗုံလုံသီးတို့သည် အုပ်မိုးထားသော အရွက်များအောက်မှ တွဲလောင်းကျ၍ သီးခြင်းဖြစ်၍ အမှတ်တမဲ့ကြည့်ပါက မြွေနှင့်ခပ်ဆင်ဆင် တူခြင်း ၊ အလွန်အမင်း အလျားလိုက်ရှည်ထွက်ကာ အသီးသီးခြင်း ၊ တစ်ခါတစ်ရံတွင် အလျားလိုက် မရှည်ဘဲ အသီး၏ အဖျားစွန်း တစ်ဘက်မှ နောက်အဖျားစွန်းတစ်ဘက်ထိ မိမိကိုယ်ကို ခွေပတ်တွန့်လိမ်စွာ အသီးသီးခြင်း ၊ အစိမ်းရောင်အသီးပေါ်တွင် အစိမ်းနုရာင် (သို့ မဟုတ်) အဖြူရောင် အကြောင်အကျားများပါရှိခြင်း စသည်တို့ ကြောင့် အချို့ အရပ်ဒေသများတွင် ဗုံလုံသီးကို ပဲလင်းမြွေသီးဟု ခေါ်ဆိုကြပါတယ် ။

အသီးရင့်လာပါက ၊ အထဲရှိအစေ့များလဲ ရင့်မာလာတတ်သဖြင့် ၊ နုချိန်မှာခူးဆွတ် စားသင့်ပါတယ် ။ အသီးသာမက ၊ အရွက်ကိုလဲ ဟင်းချက်စားနိုင်ပါတယ် ။ မလတ်ဆတ်သော အရွက်တွင် အလွန်စူးရှသော အနံ့ အသက် ဆိုးများထွက်ရှိ၏ ။ အသီး၏ အရသာမှာ ချိုပေါ့ပေါ့အရသာရှိပါတယ် ။ နု၍ လတ်ဆတ်သောအသီးတွင် အရည်ဓာတ်မြောက်များစွာ ပါရှိသောကြောင့် အပူပေးချက် ပြုတ်ရာ၌ လျှင်မြန်စွာ ကျက်လွယ်၏ ။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးကို ငါး ၊ ပုစွန် (သို့မဟုတ်) မိမိနှစ်သက် ရာ အသားတစ်မျိုးမျိုးတို့ဖြင့် အစာသွပ် ချက်၍သော်လည်းကောင်း ၊ နှပ်၍သော်လည်းကောင်း ၊ ကြော်၍သော်လည်းကောင်း ၊ အသီးနှင့်အရွက်နုတို့ကို ပြုတ်ကာ ငပိရည် အတို့အမြှုပ် အဖြစ်လည်းကောင်း ၊ အရွက်ကို ဟင်းချို/စွပ်ပြုတ်/ကြော်ချက် ချက်၍သော်လည်းကောင်း ၊ အမျိုးမျိုး ချက်ပြုတ် စားသောက်   နိုင်ပါတယ် ။

ဗုံလုံသီးနှင့်ကျန်းမာရေး

ဗုံလုံသီးထဲမှာ လူသားတို့ အတွက် ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ ဗီတာမင် နှင့်သတ္တုဓာတ်တို့ အမြောက်အများပါရှိလို့ ၊ အထူးသဖြင့် အိန္ဒိယရိုးရာ ကျေးလက်ကုထုံးများတွင် ဗုံလုံသီး နှင့် အရွက်တို့ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိ နေကြပါ တယ်။   ဆေးသုတေသီများ၏ ဓာတ်ခွဲ စမ်းသပ်ချက်မျာအရ ၊ ၁၀၀ ဂရမ်ရှိသော ဗုံလုံသီးထဲတွင် ကယ်လိုရီ ၁၈ ၊ အစိုဓာတ် ၉၄.၆% ၊ ပရိုတင်း ၀.၅% ၊ အဆီဓာတ် ၀.၃% ၊ အမျှင်ဓာတ် ၀.၈% ၊ ကစီဓာတ် ၃.၃ % ၊ ကယ်လ် စီယမ် ၂၆ မီလီဂရမ် ၊ မီးစုန်း ၂၆ မီလီဂရမ် ၊ သံဓာတ် ၀.၃ မီလီဂရမ် ၊ ကယ်ရိုတင်း ၉၆ မီလီဂရမ် ၊ သီအာမင် ၀.၀၄ မီလီဂရမ် ၊ ရီဘိုဖလာဗင် ၀.၀၆ မီလီဂရမ် ၊ နီအာစင် ၀.၃ မီလီဂရမ် တို့  အသီး သီးပါရှိကြလို့  လူသားးတို့ ကျန်းမာရေးကို များစွာ အထောက်အကူပြုစေတယ်လို့ ဆိုပါတယ် ။

1. ဗုံလုံသီးသည် ချွဲ ၊ သလိပ် ၊ ပြည် တို့ကို ပျော်စေနိုင်စွမ်းရှိပြီး ၊ အဆုတ်နာ/တီဘီနာဝေဒနာရှင်များကို များစွာကောင်းကျိုး ပြုပါတယ် ။ ဗုံလုံသီးပင် အရွက်ကလည်း ညချွေးထွက်လွန်ခြင်းနှ င့်အဆုတ် တီဘီရောဂါ တို့ကို သက်သာစေပါတယ် ။

2. ဗုံလုံသီးထဲတွင်ပါရှိသော ရေဓာတ် နှင့် သတ္တုဓာတ်များက ၊ အရေပြားခြောက်သွေ့ မှုကို သက်သာလျော့နည်းစေသည့် အပြင် ခန္ဓာကိုယ်၏ အရေဓာတ်ထုပ်လုပ်မှုကိုလဲများစွာ အထောက်အပံ့ ပေးပါတယ် ။ အပူငြိမ်းကာ ခန္ဓာကိုယ်တွင်းကို အေးမြစေလို့ ၊ ပူပြင်းသော နွေရာသီတွင် များများစားပေးသင့်ပါတယ် ။

3. အသည်းကို လွန်စွာကောင်းကျိုးပြုပါတယ် ။

4. ဗုံလုံသီးသည် နှလုံးအားကောင်းစေတဲ့အတွက် ၊ နှလုံးဝေဒနာသည်များ စားပေးသင့်ပါ တယ်  ။ နှလုံးပုံမှန် အလုပ်မလုပ်နိုင်ခြင်းကြောင့် လုံးခုန်မမှနှ်တော့ဘဲ ရင်တုန်ပန်းတုန်ဖြစ်လာပါက ၊ ဗုံလုံရွက် လတ်လတ်ဆတ်ဆတ်များကို အရည်ညှစ်ပြီး စားပွဲတင် ဇွန်း (၁) ဇွန်း မှ (၂) ဇွန်း အထိ တစ်နေ့လျှင် ၃-ကြိမ် သောက်သုံးပေးရုံမျှဖြင့် နှလုံးကိုပြန်လည်၍ ပုံမှန် အလုပ်လုပ် လာစေနိုင်၏ ။

5. ကိုယ်ပူအပြင်းဖျားနာခြင်းတို့ အတွက် ဗုံလုံသီး နှင့် အရွက်တို့ က အသက်ကယ်ဆေးကဲ့သို့  အားကိုးလောက်ပါတယ် ။ ဗုံလုံသီး နှင့်အရွက်တို့ကို ကျိတ်ချေ၍ ပျားရည်ဖြင့် ရောသောက်ပေးပါက ၊ ဖျားနာခြင်းကို ယူပစ်သလို ပျောက်ကင်းစေပါတယ် ။ ထို့ ပြင် ဗုံလုံသီးအရွက် နှင့် နံနံပင်တို့ ကို ၁၂ ဂရမ်စီ ဆတူရော၍ ရေအေးထဲတွင် တစ်ညစိမ်ထားပါ ။ ထိုညသိပ် ရေကို အဖျားလုံးဝမကျနိုင်ဘဲ အပြင်းဖျားနာနေသည့် ဝေဒနာသည်များကို ခန္ဓာကိုယ်အနှံ့  လိမ်းကျံပေးနိုင်ပါတယ် ။

6. ဗုံလုံသီးထဲတွင်ပါရှိသော အမျှင်ဓာတ်များက ကလူးကို့စ်ပမာဏကို ထိန်းသိမ်းပေးနိုင်သောကြောင့် ၊ ဆီးချိုရောဂါကို ကျစေပါတယ် ။ အထူးသဖြင့် တရုပ်တိုင်းရင်းဆေးကုထုံးတွင် ဗုံလံသီးပင်၏အမြစ်ဖြင့် ဆီးချိုရောဂါကို ကုသလေ့ရှိကြပါတယ် ။

7. ဗုံလုံရွက်ကို နံနံစေ့နှင့်ရောကာ အပူပေးပြုတ်ထားသည့် အရည်ကို တစ်နေ့လျှင် (၃) ကြိမ် ခန္ဓာကိုယ်အနှံ့ လိမ်းကျံပေးခြင်းဖြင့် အသဲရောင်အသားဝါကို ကောင်းစွာ ကုသနိုင်ပါတယ် ။

8. ဗုံလုံသီးတွင် ရေဓာတ်ပါဝင်မှုများသောကြောင့် ကယ်လိုရီနည်းသော ဟင်းသီးဟင်းရွက် ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည့်စုံလုံလောက်သော အာဟာရများကို ဖြည့်တင်းပေးနိုင်တာမို့  ခန္ဓာကိုယ်အလေးချိန် ထိန်းလိုသူများအတွက် အထူးသင့်တော်ပါတယ် ။

9. အမျှင်ဓာတ်ကြွယ်ဝစွာပါရှိလို့ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ် ။ ၀မ်းချုပ်ခြင်းအတွက် စိတ်မညစ်ပါနှင့် ။ ဗုံလုံသီးသာမက ၊ အရွက် ၊ အမြစ် နှင့် အစေ့တို့ ကလဲ အူထဲတွင်ချောဆီအဖြစ် စွမ်းဆောင်ပေးကာ ၊ ၀မ်းနူးစေပါတယ် ။ လူကြီးဝမ်းချုပ်ခြင်းအတွက် ၊ ဗုံလုံရွက် ၊ အမြစ်နှင့် အစေ့တို့ ကို ညက်ညက်ဝါးစား ပေးနိုင်ပါတယ် ။ ကလေးငယ်များ ၀မ်းချုပ်ခြင်းအတွက် ၊ ဗုံလုံရွက်နှင့်အစေ့တို့ ၏ သတ္တုရည်ကို နံနက်တိုင်း လက်ဘက်ရည်ဇွန်း (၁)ဇွန်းစီ တိုက်ကျွေးပေးခြင်းဖြင့် ၀မ်းမှန်စေပါတယ် ။

10. ဦးရေပြားတွင် မှိုစွဲ၍ ဗောက်ထသူများအတွက် ဗုံလုံသီးသတ္တုရည်ဖြင့် ဦးရေပြားကို နှိပ်နယ်ပေးခြင်းဖြင့် မိမိဖာသာ အိမ်တွင်းဆေးမြီးတိုအဖြစ် ဗောက်များကင်းစင်အောင် ကုသနိုင်ပါတယ် ။ ဗုံလုံရွက်သတ္တုရည်ဖြင့် ဦးရေပြားကို လိမ်းပေးရုံမျှဖြင့် ထိပ်ပြောင်ခြင်းကို သက်သာလျော့နဲစေပါ တယ် ။

11. ဗုံလုံသီးတို့သည် ဆီးများ ၊ လေသက်စေကာ ၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို နှင်ထုတ်ပေးနိုင်စွမ်း ရှိပါတယ် ။

အထူးသတိပြုရန်

(က) ဗုံလုံစေ့ဟာ ၀မ်းသက်စေတာမှန်သော်လဲ ၊ ထိုအစေ့ထဲတွင် အဆီဓာတ်ပါဝင်မှုမြင့်မားလို့  လွန်ကဲစွာစားသုံးမိပါက အစာမကျေ ဗိုက်အောင့်ခြင်းကို ဖြစ်ပေါ်စေပါတယ် ။
( ခ) ဗုံလုံသီးပင်အမြစ်ဟာ ၀မ်းသက်စေလို့ ၊ ကိုယ်ဝန်သည်များ မစားသင့်ပါဘူး ။ အဆင်မသင့်ရင် သားပျက်/သားလျော ဖြစ်စေပါတယ် ။
( ဂ) ဗုံလုံသီးနဲ့ ပီလောပီနံတို့ တွဲမစားသင့်ပါဘူး ။ အော့အန်တတ်ပါတယ် ။

Credit: ပေါက်ပေါက်