“မုန့်ဆီကြော် ဘယ်နေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” ဆိုတဲ့ မြန်မာစကားပုံကို လူတိုင်းလိုလို ရင်းနှီးကြပါတယ်။ မုန့်ဆီကြော်ဆိုတာ ဟိုးအရင်ကတော့ အလှူတစ်ခုခု လုပ်တိုင်း တောရွာဓလေ့တွေမှာ မုန့်ဆီကြော် ထည့်ပြီး ဧည့်ခံလေ့ ရှိပါတယ်။ တစ်ချို့နေရာတွေမှာတော့ ယနေ့ထိ ထိုဓလေ့ ရှိပါသေးတယ်။ အထူးသဖြင့် ကထိန်ပွဲတွေမှာ တစ်အိမ်ကို မုန့်ဆီကြော် ဘယ်နှစ်ချပ်ဆိုပြီး ခွဲတမ်းနဲ့ ကြော်ပြီး ဘုန်းကြီးကျောင်းကို ပို့ကြပါတယ်။ လာသမျှ လူတွေကို ဧည့်ခံတဲ့ အပြင် အပြန် ထည့်ပေးလိုက်ပါသေးတယ်။

ဒါကြောင့် မုန့်ဆီကြော်ဆိုတဲ့ မုန့်မှာ မုန့်သက်သက် မဟုတ်ဘဲ ပျော်ရွှင်ဖွယ် ချစ်ခင်ဖွယ် ဓလေ့တွေပါ ပါတဲ့ မုန့်တစ်မျိုးပါ။ မုန့်ဆီကြော်ကို ရောင်းတမ်း အနေနဲ့ ရောင်းတာ ရှားပါတယ်။ မုန့်ဆီကြော်ဖို့ အတွက်ဆိုရင် ကောက်ညှင်းဆန် ကောင်းကောင်း ရှိဖို့ လိုပါတယ်။ တခြား ပါဝင်ပစ္စည်းတွေကတော့

  • ဆန်ကြမ်း (ငစိန်ဆန် အသုံးများပါတယ်)
  • ထန်းလျက်
  •  မေပဲဆီ (ပိုမွှေးအောင်ပါ။ တခြားဆီသန့်တွေလည်း သုံးလို့ရပါတယ်)
  • အုန်းဆီ
  • နမ်းလှော်
  •  ဆော်ဒါမှုန့်အနည်းငယ်
  • ဆား
  • အဝကျယ် ဒယ်အိုး
  • ဆယ်ယူရန် ငါးချောင်း ဒါမှမဟုတ် သံချောင်း တို့ ဖြစ်ပါတယ်။

မုန့်လုပ်ပုံကတော့ ပထမဆုံး မုန့်နှစ်တွေ ရလာအောင် အရင်လုပ်ရပါတယ်။ ထန်းလျက်ကိုလည်း ပျစ်နေအောင် ကျိုထားပြီး မုန့်နှစ်တွေနဲ့ ရောလိုက်ပါ။ ဆားနဲ့ ဆော်ဒါမှုန့် သင့်ရုံထည့်ပြီး သမအောင် မွှေပေးရပါတယ်။ မုန့်မပျစ်မကျဲလေး ရပြီဆိုရင် အဖုံး ဖုံးထားပါ။ မုန့်ဆီကြော်မယ့် ဒယ်အိုးဟာ အဝကျယ် ဗျက်ကျယ်တဲ့ အိုးဖြစ်မှ ရပါတယ်။ ပလာတာ ကြော်တဲ့ ဒယ်လိုမျိုးပါ။ ရွာတွေမှာတော့ အိမ်တိုင်းလိုလို ရှိတတ်ကြပါတယ်။
ဆီခပ်များများ ထည့်ပြီး ဆီကျတ်တဲ့အခါ မုန့်ရည်ကို မွှေပြီး ဒယ်အိုးထဲကို လောင်းထည့် ကြော်ရပါတယ်။ မုန့်ပေါ်ကို နှစ်လှော်နဲ့ အုန်းသီးခြစ်လေးများကို ဖြူးပေးပါ။ ပိုစိမ့်ပြီး စားကောင်းပါတယ်။ မုန့်ကြွပ်လာအောင် စောင့်ပြီး ဝါးချောင်း ဒါမှမဟုတ် သံချောင်းချွန်လေးနဲ့  မ ပြီး ဆယ်ယူလိုက်ပါ။ ဒါဆိုရင် မွှေးပြီး ချိုစိမ့်တဲ့ မုန့်ဆီကြော်တွေ ရပါပြီ။

Photo Credit: မြန်မာမုန့်များ facebook