အလှူ၊ မင်္ဂလာဆောင်နဲ့ အိမ်တက်ပွဲတွေ လုပ်တဲ့ အခါ အချိုပွဲတွေ ပြင်ဆင် ကျွေးမွေးလေ့ ရှိပါတယ်။ ကျောက်ကျော၊ ဆနွင်းမကင်း၊ လက်ဖက်သုပ်နဲ့ တခြား အသီးအနှံတွေကို ကျွေးမွေးလေ့ ရှိပါတယ်။ အလှူလာတဲ့ လူတွေက အချိုပွဲလေး စားရင်း စကားစမြည်ပြောကြပြီး အလှူအိမ်ကို ပိုပြီး အသက် ဝင်စေပါတယ်။ ရွှေကြည်ဆနွင်းမကင်းကို ကြိုက်သူများပါတယ် ဆနွင်းမကင်း ဖုတ်သလိုမျိုး ဖုတ်ရတာမျိုး ဖြစ်ပြီးတော့ အိမ်မှာတင် လုပ်လို့လည်း ရပါတယ်။

ရွှေကြည်ဆနွင်းမကင်းမှာ ပါဝင်တဲ့ အဓိက ပစ္စည်းတွေကတော့
– ရွှေကြည်
– အုန်းသီး
– သကြား
– ဘိန်းစေ့
– ထောပတ်
– ဆား တို့ဖြစ်ပါတယ်။

နည်းနည်းတော့ အလုပ်ရှှုပ်တဲ့ အတွက် တော်ရုံ အိမ်မှာ လုပ်မစားကြပါဘူး။ ပထမဆုံး ရွှေကြည်ကို အမှိုက်တွေ ကင်းအောင် အရင်ဆုံး ပြုတ်ရပါမယ်။ ပြီးရင် နီလာတဲ့ အထိ လှော်ပေးရပါတယ်။ အုန်းသီးကိုတော့ အုန်ုးနို့ရည် ထုတ်ထားရပါမယ်။ (ခြစ်သည် ညှစ်သည် ဆိုတဲ့ အုန်းသီးဆိုင်တွေမှာ သွားလုပ်ထားရင် ရပါတယ်) လှော်ထားတဲ့ ရွှေကြည်တွေကို နို့ဆီခွက်နဲ့ ချင်တွယ်ပါ။ ရွှေကြည် ၂ဘူးဆိုရင် အုန်းနို့ ၆ဘူး ထည့်ရပါတယ်။ ရွှေကြည်နဲ့ အုန်းနို့ အဆဟာ ၃ဆပါ။ ကိုယ်လုပ်မယ့် အနေအထားကို မှန်းပြီး ဒီအချိုးကို သုံးလို့ ရပါတယ်။
မုန့်ထည့်မွှေမယ့် အိုးမှာ ထောပတ်ထည့်ပြီး ချက်ပါ။ ပြီးရင် လှော်ထားတဲ့ ရွှေကြည်နဲ့ သကြားထည့်မွှေပါ။ နီလာပြီဆိုရင်တော့ အုန်းနို့ရည်တွေ လောင်းထည့်ပြီး အဆက်မပြတ် မွှေပေးပါ။ ရေခန်းပြီး ဆီပြန်လာပြီဆိုရင် မုန့်ဖုတ်မယ့် ဗန်းထဲကို လောင်းထည့်ပါ။
မျက်နှာပြင်ကို ညီအောင် ညှိပေးပါ အုန်းဦးရေလေးနဲ့ ဖျန်းပေးပြီး ဘိန်းစေ့လေးတွေ ဖြူးပေးပါ။ အပေါ်မီးနဲ့ ကင်ပါ။ မိုက်ခရိုဝေ့ဖ်ထဲ ထည့်ဖုတ်လည်း ရပါတယ်။ နီလာတဲ့ အထိ ဖုတ်ပေးပါ။ ရွှေကြည် ဆနွင်းမကင်းထဲကို အုန်းသီးခြစ်ပြီး အဖတ်လေးတွေ ထည့်လုပ်ကြသလို စပျစ်သီးခြောက်နဲ့ တခြား အဆာတွေလည်း ထည့်ပြီး လုပ်ကြပါတယ်။

Photo: LuLu