အလှူတွေမှာ ကျွေးမွေးဧည့်ခံလေ့ ရှိတဲ့ ကျောက်ကျောဟာ အချိုပွဲတို့ရဲ့ မပါမဖြစ် ဇာတ်လိုက်လို့တောင် ပြောလို့ ရပါတယ်။ ပုံစံ အမျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ ကျောက်ကျောတွေကို မနှစ်သက်သူ ရှားပါတယ်။ အုန်းနို့ကျောက်ကျော်နဲ့ သီးစုံ ကျောက်ကျောကတော့ အများဆုံး ပြုလုပ်တဲ့ အမျိုးအစားတွေပါပဲ။

ကျောက်ကျောလုပ်တယ်ဆိုတာ ခက်ခဲမယ်လို့ ထင်ပေမယ့် လွယ်ကူလှပါတယ်။ ကျောက်ကျောဗန်းတွေကို ဝယ်ထားပြီး လုပ်လေ့ ရှိကြသလို လေးထောင့်ဗန်းတွေနဲ့ သုံးပြီး ပြုလုပ်လေ့ ရှိပါတယ်။ နယ်မြို့တွေမှာတော့ အလှူတစ်ခု ရှိပြီဆိုတာနဲ့ ဘယ်သူက ကျောက်ကျော ထိုးဖို့ တာဝန်ယူမယ် ဘယ်သူက ဆနွင်းမကင်းအတွက် တာဝန်ယူ အစရှိသဖြင့် အသီးသီး ခွဲပြီး တာဝန်ယူ လုပ်ဆောင်လေ့ ရှိတဲ့ ချစ်စရာ ဓလေ့ပါပဲ။

ကျောက်ကျောမှာ အဓိက လိုအပ်တာကတော့ ကျောက်ကျောမှုန့်ထုပ်ပါ။ အုန်းနို့ကျောက်ကျော လုပ်မယ်ဆိုရင်တော့ အုန်းသီးကို အုန်းသီးကို အရည်ညှစ်ထားရပါမယ်။ အုန်းစိမ်းကျောက်ကျော လုပ်မယ်ဆိုရင်တော့ အုန်းသီးကို ခြစ်ထားရပါမယ်။ သီးစုံလုပ်မယ်ဆိုရင်တော့ ထည့်မယ့် အသီးတွေကို အစိပ်လေးတွေ လုပ်ထားရပါမယ်။ ထိုနည်းတူပဲ အခြား အရသာနဲ့ ကျောက်ကျောတွေကို ပြုလုပ်မယ်ဆိုရင်လည်း ထည့်ချင်တဲ့ အမျိုးအစားကို ပြင်ဆင်ထားရုံပါပဲ။ လိမ္မော်ရည်၊ ခရင်ဆိုဒါ၊ ကော်ဖီ၊ ပိန်းဥ အစရှိသဖြင့် အရသာတွေဟာလည်း လူကြိုက်များပါတယ်။

Argar
အခြား ပါဝင်တာတွေကတော့

  • သကြား
  • ဆား
  • ကျောက်ကျော ထုပ်တွေပါပဲ။

ကျောက်ကျောထုပ်ကို အထုပ်မှာ ဖော်ပြထားတဲ့ အချိုးအစားအတိုင်း ရောစပ်ပြီး ကျိုရပါမယ်။ ပထမဦးဆုံး ရေကို ဆူအောင် တည်ပါ။ ပြီးရင် သကြားထည့်ပြီး တည်ထားပါ။ ကျောက်ကျောထုပ်ကို ရေအနည်းငယ်နဲ့ ရောပြီး စေးလာတဲ့ အထိ မွှေပေးနေပါ။ စေးလာပြီဆိုရင် အုန်းဦးရေကို ထည့်ပြီး မွှေပါ။ ခဲလောက်တော့မယ့် အနေအထားရောက်ရင် အိုးကို ချပြီး ဗန်းထဲလောင်းချလိုက်ပါ။ သီးစုံပြုလုပ်မယ်ဆိုရင်တော့ အဲ့အချိန်မှာ လှီးထားတဲ့ အသီးတွေကို ထည့်ပါ။ ပြီးရင်တော့ အအေးခံထားပါ။ ကျောက်ကျော ၂ထပ်လုပ်ချင်ပါက အုန်းနို့အထည့်ခင် ကျောက်ကျောရည် တဝက်ကို ဗန်းထဲ အရင် လောင်းချလိုက်ပါ။ ပြီးမှ အုန်းနို့ထည့်ပြီး ကျန်ကျောက်ကျောရည် တဝက်နဲ့ရောမွှေ၍ အပေါ်မှ ထပ်လောင်းပေးရပါတယ်။


လုပ်ရတာ လွယ်ကူပြီး အရသာ ရှိစေမယ့် သရေစာ မုန့်ဖြစ်တာကြောင့် ပိတ်ရက်တွေမှာ လုပ်စားလို့ အဆင်ပြေပါတယ်။ အားလုံး ပျော်ရွှင်ဖွယ် တနင်္ဂနွေကို ပိုင်ဆိုင်ကြပါစေ။

Photo: babytaster, nyeinsuaye (ပုံများကို အင်တာနက်မှာ ရှာဖွေ၍ ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ )